Tuesday, February 17, 2009

နင်သိရဲ့လား

နင်သိရဲ့ လား...........................

အရာရာကိုဦးနှောက်နဲ့ ဆုံးဖြတ်

ဖြစ်သင့်တာကိုပဲလုပ်တတ်တဲ့

ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ

နင့်အတွက်နဲ့ 

တားထားတဲ့စည်းတွေကိုချိုးဖောက်

ရူးမလောက်ခံစားနေရတယ်ဆိုတာ


နင်သိရဲ့လား............................

ဝေဒနာတွေကိုမလိုချင်လို့ 

ရှောင်ပြေးတတ်တဲ့

ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ

နင့်အတွက်နဲ့ 

ချိုမြိန်ဒုက္ခတွေကိုမှ

တကူးတကစိုက်ပျိုးနေတတ်ပြီဆိုတာ


နင်သိရဲ့ လား...........................

ဟန်ဆောင်မှုကင်း

လွတ်လပ်ပွင့်လင်းစွာနေတတ်တဲ့

ကောင်မလေးတစ်ယောက်ရဲ့  ရင်ထဲမှာ

နင့်အတွက်နဲ့ 

မွန်းကြပ်မြိုသိပ်

တိတ်တဆိတ်ကြေကွဲ

အလူးအလဲခံစားနေရတယ်ဆိုတာ


နင်သိရဲ့ လား......................

မာနသံနှော အပြောကြီးတဲ့ 

ကောင်မလေးတစ်ယောက်ရဲ့ ရင်ထဲမှာ

နင့်အတွက်

စစ်မှန်တဲ့ ချစ်ခြင်းတရားတွေရှိတယ်ဆိုတာ

ပတ်သက်ခွင့်

ကိုယ်ကသူ့ ဆီကိုသတိတရနဲ့ 

ဖုန်းဆက်တဲ့အချိန်မှာ

သူကတခြားတစ်ယောက်နဲ့ 

ပျော်ရွှင်စရာစကားတွေပြောချင်ပြောနေလိမ့်မယ်

ကိုယ်ကသူ့ အတွက်နဲ့ 

အိပ်ပျက်ညတွေများနေချိန်မှာ

သူကတခြားတစ်ယောက်အကြောင်းတွေးပြီး

ကြည်နူးချင်ကြည်နူးနေလိမ့်မယ်

ကိုယ်ကသူ့ အတွက်နဲ့ 

မျက်ရည်ကျနေချိန်မှာ

သူကတခြားတစ်ယောက်ကို

မျက်ရည်သုတ်ပေးပြီး

နှစ်သိမ့်တေးတွေနဲ့ 

ချော့ပေးချင်ချော့ပေးနေမှာပေါ့

ဘာဘဲဖြစ်ဖြစ်ပါ

နင်နဲ့ ငါဟာ

အတိုင်းအတာတစ်ခုအထိ

ပတ်သက်မှုရှိသေးသ၍

အဲဒီလိမ်ညာမှုတွေကို

ညာနေမှန်းသိသိကြီးနဲ့ ကျေနပ်

နေတတ်အောင်နေရအုံးမှာပေါ့

Sunday, February 15, 2009

$250K Microsoft bounty to catch worm creator

New York,14 Feb - Software giant Microsoft is offering a $250,000 reward for information leading to the arrest and conviction of hackers behind a powerful computer virus that could lead to millions of PCs being hijacked.Experts have so far been baffled by the true purpose of the Conficker or Downadup virus,but have described its spread as one of the most serious infections ever seen.
The worm exploits a bug in Microsoft Windows to infect mainly corporate networks,then - although it has yet to cause any harm - it opens a link back to its point of origin,meaning it can receive further orders to wreak havoc.Microsoft has issued a patch to fix the bug,however if a single machine is infected in a large network,it will spread unchecked - often reinfecting machines that have been disinfected.
The threat from the virus prompted Microsoft in collaboration with other technology industry names to this week announce a $ 250,000 reward for information to track down those behind Conficker.

Friday, February 13, 2009

Good Websites for Girls

I want to help you to go good places.Please go there and find out.

Shopping for Girls http://www.myanmarshopping.com

Cooking for Girls http://lulucooking.blogspot.com

Fashion for Girls http://www.fashionmyanmar.com

Wednesday, January 21, 2009

ကျွန်တော်သိသောချစ်ခြင်းတရားအကြောင်း


နှလုံးသား၏အလိုကို လိုက်မိတိုင်း ဦးနှောက်ရဲ့ငြိုငြင်မှုကို ခံရပြန်ပြီ။ နှလုံးသားအာဟာရလား၊ လောကရဲ့ သဘာဝလား၊ စိတ်ယာယာမှုလား၊ လူဖြစ်ရခြင်းရဲ့ဒုက္ခလား။ အချစ်ဆိုတဲ့အရာနဲ့ တွေ့မိခြင်းကို ဘယ်လို သတ်မှတ် ပြောဆိုရမလဲ။ အချစ်ဆိုတဲ့ခံစားမှုကလဲ ဟိုးမိုးပေါ်က ဓူဝံ ကြယ်ကိုဆွတ်ဖို့ စိတ်ကူးနဲ့ ပျံသန်းနေတတ်သလို မြေပြင်ပေါ်က အမှိုက် တစ်စလို လွင့်မြောချင်နေတဲ့အခါလဲ ဖြစ်တတ်တယ်။ ငယ်ငယ် ကတည်းက စောင့်ထိန်းခဲ့တဲ့ စည်းတွေကို ချိုးဖောက်ဖို့ သတ္တိတွေ ရှိလာတတ်သလို တစ်ခါမှ မလိုက်နာဖူးတာတွေကိုလည်း ခေါင်းငြိမ့်တတ် တဲ့အခါတွေ ရှိလာတယ်။

နည်းပညာကပေးတဲ့ အရာတွေကို ငြင်းဆန်လို့ရပေမယ့် သဘာဝတရားကပေးတဲ့အရာကို လူတွေမှာ ငြင်းဆန်နိုင်စွမ်း နည်းတယ် ။ အချစ်ဆိုတာလည်း လောကသဘာဝတရား တစ်ခုပါပဲ ချစ်ခြင်းဆိုတဲ့ စိတ်စွမ်းအားနဲ့ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဦးနှောက်အသိဥာဏ်တွေပါ ချိုးဖျက်တွန်းလှန် နိုင်ပေမယ့် လောကနိယာမအတိုင်း ခွဲခွာခြင်းဆိုတဲ့အရာကိုတော့ တိုက်ခိုက်နိုင်စွမ်းမရှိပါဘူး။ ချစ်လျက်နဲ့ ခွဲခွာရတာပဲဖြစ်ဖြစ် မုန်းလို့၊ နာကျည်းလို့ခွဲခွာရတာပဲဖြစ်ဖြစ် ခွဲခွာခြင်းနဲ့တော့ မလွတ်ကင်းနိုင်တော့ဘူး။ ရှင်လျက်နဲ့ခွဲခွာခြင်း၊ ထာဝရခွဲခွာခြင်း နှစ်မျိုးထဲက ဘယ်လိုအကြောင်း တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ခွဲခဲ့ရသည်ဖြစ်စေ ပူလောင်မှုကိုခံစားရတာပါပဲ။

ချစ်ခြင်းကြောင့်ရတဲ့ ပူလောင်မှု ... အဲဒါကို ဘယ်သူမှမလိုချင်ကြဘူး။ ဒါပေမယ့် အဲဒါကချစ်ခြင်းတရားနောက်မှာ ထပ်ကြပ်မကွာလိုက်လာတာပဲ။ မိဘက သားသမီးအပေါ် ပူပန်တဲ့စိတ်နဲ့ ချစ်သူတစ်ယောက်အပေါ်မှာ ပူပန်တဲ့စိတ်က မတူနိုင်ပေမယ့် အရာအားလုံးဟာ ချစ်ခြင်းတရားကြောင့်ရလာတဲ့ စိတ်ဒုက္ခတွေပါပဲ။ ကျွန်တော့်ဦးနှောက်ကလည်း သင်ကြားပေးတယ် သေခြင်းတရားရယ်၊ လောကဓံရယ် အကြောင်းကိုပေါ့။ ဖြစ်၊ တည်၊ ပျက် တြိဂံမှာ တည်ဆိုတဲ့အရာက ခဏပဲ ... တစ်နေ့နေ့မှာ မလွဲမသွေ အိုနာသေကို ကြုံလေဦးမည်တဲ့။ လောကဓံမုန်တိုင်းဆိုတာ တစ်ချက်တည်းနဲ့ တစ်သက်လုံး တည်ဆောက်ခဲ့သမျှ ပျော်ရွှင်မှုတွေကိုတောင် ပျောက်ပျက်အောင်လုပ်နိုင်တယ်ဆိုပဲ။ ဦးနှောက်ရဲ့လမ်းညွှန်မှု ပေါ်မှာ ရှင်သန်ရင်တော့ နှလုံးသားကို စတေးရတော့မယ်။ ဦးနှောက်က စဉ်းစားတယ်။ နှလုံးသားက ခံစားတယ်။ လူဆိုတာ ခံစားမှုနဲ့ အသက်ရှင်နေထိုင်တဲ့ သတ္တ၀ါပါပဲ။ ဘယ်လိုလုပ်ရမလဲ .... ဘ၀ဆက်တိုင်း ခံစားမှုတွေနဲ့ပဲ ရှင်သန်ရမှာလား ဒါမှမဟုတ် သံသရာရဟတ်မှာ ဖန်ခါခါလည်ပတ်မနေပဲ ထွက်ပေါက်ဆီရောက်အောင် ပြေးရမှာလား။

အချစ်ရဲ့အဆုံးသတ်က ပေါင်းစည်းခြင်း။ ပေါင်းစည်းခြင်းရဲ့အဆုံးကလည်း ခွဲခွါခြင်းပဲ ဖြစ်နေပြန်တယ်။ ပေါင်းစည်းခွင့်ရတဲ့ခဏလေးမှာရော ရာနှုန်းပြည့်ပျော်ရွှင်မှုရပါ့မလား။ ပျော်ရွှင်ခြင်းရဲ့ နောက်ကွယ်မှာ ဆိုးဝါးတဲ့ ၀မ်းနည်းစရာတွေ ရှိတတ်သလို မုန်တိုင်းကြမ်းကြမ်းတွေရဲ့ နောက်မှာလည်း တစ်ဖန် ပျော်ရွှင်မှုတွေရှိတတ်တယ်။ ဦးနှောက်နဲ့နှလုံးသား တိုက်ပွဲဖြစ်နေကြတယ်။ ဘယ်သူက ဘယ်သူ့ကို အနိုင်တိုက်နိုင်မလဲတော့မသိဘူး။ ဒါပေမယ့် တစ်ယောက်ယောက်ကပဲ အမြဲနိုင်သွားတာလည်း မဖြစ်နိုင်ဘူး နိုင်လိုက်၊ ရှုံးလိုက်၊ သရေကျလိုက်နဲ့ တစ်လှည့်စီဖြစ်နေလိမ့်မယ်။ ဒီတိုက်ပွဲကို ဘယ်အချိန်ထိ ဆက်တိုက်နေရအုံးမှာလဲ ကျွန်တော်က အေးချမ်းတဲ့ဘ၀လေးတစ်ခုကိုပဲ ပိုင်ဆိုင်ချင်ပါတယ်။ အစွန်းနှစ်ဖက်ကြားမှာ အေးချမ်းစွာ ရှင်သန်ခွင့်ရချင်တယ်။

အသက်ရှင် နေထိုင်ဖို့အတွက် အချစ်မလိုအပ်ဘူး။ အစာစားဖို့အတွက် အချစ်မလိုဘူး။ အညစ်အကြေး စွန့်ဖို့အတွက် အချစ်မလိုဘူး။ ဆော့ဝဲလ်တွေရေးဖို့အတွက် အချစ်မလိုဘူး။ မီးတွေပုံမှန်လာဖို့ အချစ်မလိုဘူး။ ကုန်ဈေးနှုန်းတွေ တက်တာကျတာအတွက် အချစ်မလိုဘူး မီးလောင်နေတဲ့ နေရာမှာ အချစ်မလိုဘူး (မီးသတ်ကားပဲလိုတယ်)။ နာဂစ်မုန်တိုင်းဒါဏ် ခံနေရချိန်မှာ အချစ်မလိုဘူး။ သေချာတွေးကြည့်ရင်တော့ အချစ်မလိုတဲ့ နေရာတွေ အများကြီးပါ။ ဒါဆိုရင် အချစ်ကဘာအတွက် ဘယ်နေရာအတွက်ပဲ လိုအပ်နေတာလဲ။ စိတ်ခံစားမှုလေးအတွက်ပဲ လိုတာလား။ အဲလိုတော့လည်း မဟုတ်ပြန်ဘူးထင်တယ်။ ကျန်တဲ့သူတွေကရော ဘယ်လိုထင်လဲ အားလုံးရဲ့ အမြင်တွေကိုလည်း မျှဝေခံစားချင်ပါတယ်။

ကျွန်တော်နှင့် 2009

တစ်စက္ကန့်ကနေ နောက်တစ်စက္ကန့်၊ တစ်မိနစ်ကနေ နောက်တစ်မိနစ်၊ တစ်နာရီကနေ နောက်တစ်နာရီ၊ တစ်လကနေ နောက်တစ်လ၊ အချိန်တိုင်း စက္ကန့်တိုင်း ပြောင်းလဲနေတာကို ငါသတိထားမိရဲ့လား။ နှစ်တစ်နှစ်ကနေ နောက်တစ်နှစ်ကို ပြောင်းမှပဲ ပြောင်းလဲခြင်း၊ အိုမင်းရင့်ရော်ခြင်း ပိုကြီးရင့်လာခြင်း၊ အဲဒါတွေကို အသိအမှတ်ပြုရမှာလား ... ဒါမှမဟုတ် ငါဘယ်လောက်ပိုသိလာသလဲ ... ဘာတွေကိုပိုတိုး တက်အောင်လုပ်လာနိုင်သလဲ .... အပေါ်ယံပကာသန တိုးတက်မှုလား၊ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုလား ၊ လုပ်ငန်းတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်ခြင်းလား၊ ဒါမှမဟုတ် သည်းခံစိတ် ပိုမိုမွေးမြူ လာနိုင်ခြင်းလား၊ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုလား၊ စိတ်ပိုင်း ဆိုင်ရာရင့်ကျက်မှုလား၊ သေခြင်းတရားနဲ့ တဖြည်းဖြည်းနီးလာတာလား၊ အပါယ်တံခါး ပိတ်ဖို့အတွက် ပိုနီးစပ်လာတာလား၊ ကိုယ့်ကိုယ်ကိုအတွက် ဘာမှမလုပ်နိုင်သေးရင်တောင် ကိုယ့်ပတ်ဝန်းကျင်အတွက် တတ်စွမ်းသမျှ ဘာလုပ်ပေးခဲ့တာရှိလဲ၊ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို အဲဒီလူ ပရဟိတ ဘယ်လောက်လုပ်သလဲ ဆိုတာနဲ့ တိုင်းတာတယ်တဲ့ ။ ငါကရော ဘာတွေဘယ်လိုလုပ်ပြီးပြီလဲ ပရဟိတဆိုတာ နာဂစ်ဖြစ်တဲ့ဒေသကိုဆင်းပြီး သွားလှူနေမှ မဟုတ်ပါဘူး။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို စောင့်ရှောက် ကြည့်ရှုတာဟာလည်း ပရဟိတပါပဲ။ လုပ်အားနဲ့ပဲဖြစ်ဖြစ် ငွေအားနဲ့ပဲဖြစ်ဖြစ် ကာယ၊ ဥာဏ ဘာတွေနဲ့ လုပ်ပေးခဲ့ဖူးပါလိမ့် ... ဒီအချိန် သေသွားရင်ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တွေကို နှလုံးသွင်းနိုင်တဲ့ အနေအထားရော ရောက်ပြီလား ... မသေချာဘူး ထင်တယ်။ ကဗ္ဗည်းထိုးရလောက်အောင် မဟုတ်ပေမယ့် ကိုယ့်စိတ်ထဲမှာ အချိန်အခါ နေရာ ဒေသမရွေး နှလုံးသွင်းနိုင်တဲ့ ကုသိုလ်ကောင်းမှုတစ်ခုခုတော့ ရှိသင့်တယ်။ တစ်နှစ်ကနေနောက်တစ်နှစ်ကို ပြောင်းသွားလို့ ကိုယ့်ကိုယ်ကို ဒီလိုပြန်တွေးကြည့်နေတာလား ဆိုတော့မဟုတ်ပါဘူး။ ညတိုင်းမဟုတ်ပေမယ့် ရံဖန်ရံခါ တွေးမိပါတယ်။ မောပန်းလို့ အရမ်းအိပ်ချင်နေတဲ့ ညမျိုးကလွဲရင်ပေါ့။ တစ်နှစ်လုံးစာခြုံပြီးတွေးလည်း ဒီအတွေးပါပဲ တစ်နေ့စာတွေးလည်း ဒီအတွေးမျိုးပဲ။

နှစ်ဟောင်းကနေ နှစ်သစ်ပြောင်းတဲ့နေ့ပေမယ့် ကျွန်တော့် အတွက်တော့ သမားရိုးကျနေ့လေးတစ်နေ့ပါပဲ။ ကျွန်တော်ကိုယ်တိုင်ကပဲ အပြောင်းအလဲအပေါ်လိုက်ပြီး မတွေး တတ်တာလား။ ဒါမှမဟုတ် သမားရိုးကျ နေထိုင်မှုမှာပဲ အသားကျချင်နေတာလား။ ပြောင်းလဲမှုတွေပေါ်လိုက်ပြီး ကျွန်တော်မပျော်ရွှင်တတ်ဘူး။ ပုံမှန် လည်ပတ်နေကျ လမ်းကြောင်းတစ်ခုလိုပဲ New Year ဆိုတဲ့ပွဲမှာ စိတ်သစ်လူသစ်ဖြစ်မနေဘူး။ တစ်နှစ်မှာ ၁၂ လရှိတဲ့အထဲမှာ တစ်လမှပျော်ပွဲရွှင်ပွဲနဲ့ လွတ်တဲ့လမရှိဘူး။ ဒါတောင် သူများနိုင်ငံက ယဉ်ကျေးမှုလို့သတ်မှတ်တဲ့ New Year ကိုပွဲလုပ်လိုက်သေးတယ် ဆိုပြီးပြောလို့ သူငယ်ချင်းတွေနဲ့ စကားများရပါသေးတယ်။ ကျွန်တော်ကအဲလို ဇောက်ထိုးဖြစ်နေတဲ့ အတွေးတွေနဲ့လူပါ။ အရာရာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတတ်တာလား မသိပါဘူး သေချာတာ တစ်ခုကတော့ ကျွန်တော်ဟာ စစ်မှန်တဲ့ပျော်ရွှင်မှုကို လိုလားတတ်သူတစ်ဦးပါ။ စစ်မှန်တဲ့ပျော်ရွင်မှုဆိုတာကလည်း မိမိခန္ဒာထဲမှာပဲရနိုင်တဲ့ အရာဆိုတော့ နေ့စဉ် နေ့တိုင်း မိနစ်စက္ကန့်တိုင်း သတိနဲ့စိတ်ကို စောင့်ကြည့်နေသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ပါရမီဆိုတာဖြစ်လာအောင် ဘ၀ဆက်တိုင်း လေ့ကျင့်မှုယူနေရတဲ့ အရာဆိုတော့ တခဏလေးနဲ့တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒါတွေကြောင့်ပဲ ကျွန်တော့်အတွေးတွေ၊ စိတ်တွေက အပြောင်းအလဲတစ်ခုအပေါ် မူတည်ပြီး ပြောင်းလဲမနေတတ်တာလား။ ဘာဘဲဖြစ်ဖြစ်ပါ 2008 ကနေ 2009 ကိုပြောင်းမယ့် နေ့လေးတစ်နေ့မှာ ကျွန်တော်တွေးမိတဲ့ အတွေးလေးတွေကို ဆွဲထုတ်လိုက်ခြင်းပါ။ လူတိုင်း လူတိုင်း ကိုယ်ပိုင်အမြင်နဲ့တွေးခေါ်ယူဆချက်တေ၊ွ စံသတ်မှတ်ချက်တွေ၊ စည်းကမ်းတွေ၊ ဓလေ့ထုံးစံတေ၊ွ အစဉ်အလာတွေ၊ ဆန်းသစ်မှုတွေ အားလုံးပါဝင်တဲ့ ကိုယ်ပိုင် ဘ၀လေးတစ်ခုစီတော့ ရှိကြမှာပါပဲ။ ကိုယ့်အတွေး သူ့အတွေး မျှဝေခံစားရင်း ဘ၀ခရီးကို ရဲဝံ့စွာလျှောက်လှမ်းကြတာပေါ့။ 2009 ဆိုတဲ့ နှစ်သစ်အပေါ်မှာ သာမာန်ထက်ပိုတဲ့ တွေးခေါ်မျှော်မြင်မှုတွေ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ......

Thursday, September 4, 2008

ရင်ထဲကသံစဉ် တစ်ဝက်တစ်ပျက်


မေ့သမီးရဲ့ ရင်ခုန်သံတွေ ဆိတ်သုဉ်းခဲ့တာ၊ ကြောက်ရွံ့စွာ တိုးတိတ် နေတာ ကြာခဲ့ပြီလို့ ပြောရမယ်။ "သူ" ဆိုသော တစ်ယောက်က မချစ်ဖူး သေးတဲ့ မေ့သမီးကို ချစ်တတ်လာအောင် ဆရာလုပ်ပြီး မုန်း တတ်အောင်တော့ သင်မပေးခဲ့ဘူး။ သူကတော့ အချစ် သင်ခန်း စာကို အချိန်ပိုင်းနဲ့ notes တွေထုတ်ပြီး သင်ပေးခဲ့တာပါ။ မေ့သမီး ကတော့ အချစ်ဆိုတာရဲ့ နောက်ကွယ်က အရာအားလုံး၊ အားလုံးကို နားလည်သဘောပေါက် ခဲ့ရတယ်။ သူ့ကြောင့် အပျော်ရွှင်ဆုံးလို့ ထင်ခဲ့ရတဲ့ အတိတ်တွေကို ပိုင်ဆိုင်ခဲ့တယ်။ ဖျောက်မရတော့တဲ့ ဒဏ်ရာတွေကို နှလုံးသားမှာ အမာရွတ်ကျန်စေခဲ့တယ်။သူ့ကြောင့် လူတွေပြောပြောနေတဲ့ အလွမ်းတွေ၊ အသည်းကွဲတာတွေ ကို မလှောင် ပြောင်နိုင်တော့ပဲ ကိုယ်ချင်း စာတတ်ခဲ့တယ်။ သိမ်ငယ်နာ ကြည်းချက် တွေနဲ့အတူ မျက်ရည်ကျ ခဲ့သလို သူ့ရဲ့ကြင်နာယုယမှု တွေကြောင့် အောက်ခြေလွတ်အောင် ဘဝင်ခိုက်ခဲ့တယ်။ အို.. မေ့သမီးကတော့သူနဲ့ ပတ်သက်ပြီး အရမ်းနက်ရှိုင်းစွာ ချစ်တတ်ခဲ့ တဲ့၊ အချစ်သင်ခန်းစာကို ထုံးလိုချေ ရေလိုနှောက်အောင် ကျွမ်းကျင် တတ်မြောက်သွားတဲ့ အချစ်ဘဂေးလို့ ကိုယ့်ကိုကိုယ်ထင် မိအောင် ပါပဲ။ ခုဆို သူနဲ့ဝေးကွာခဲ့တာ နှစ်ချီကြာခဲ့ပြီလေ။ သူ့ကို သတိရ တမ်းတ စိတ်တွေလည်း အနည် ထိုင်နေပါပြီ။ ဒါပေမဲ့လေ မေ့သမီး အတွက်တော့ "သူ" ဆိုတာ နှလုံး သားရဲ့ အနက်ရှိုင်းဆုံး နေရာမှာ သော့ခတ် သိမ်းဆည်းထားတဲ့ အမှတ်တရ တစ်ခုအဖြစ် ရှိနေ ပါတယ် .............

Wednesday, August 6, 2008

ဆုံမှတ်မရှိတဲ့ ချစ်ခြင်း


အတိတ်ရဲ့ နေ့ရက်တိုင်းမှာလည်း

နင်ကငါ့ဘေးနားမှာအမြဲ
လက်ရှိအနေအထားမှာလည်း
အဝေးကနေ နင်အားပေးနေမြဲ
တစ်ယောက်က တစ်ယောက်စီနဲ့
စိတ်ထွက်ပေါက်ရှာခဲ့ကြပေမဲ့
နင်နဲ့ငါ့လောက်
နားမလည်ခဲ့ကြတော့
မာနတွေနဲ့လွဲခဲ့ကြတယ်
ငါ့အတွက်တော့
နင့်ထက်တော်တဲ့လူတောင်
နင့်လောက်မတော်ဘူး
ငါ့အနာဂါတ်စိတ်ကူးကိုလည်း
နင်အားလုံးသိနေတယ်
နင့်ရည်မှန်းချက်တွေထဲမှာလည်း
ငါ့အနာဂါတ်တွေပါနေတယ်
ပြောပြစရာမလိုအောင်
ငါ့ဘ၀တစ်ခုလုံးကို နင်နားလည်နေပေမဲ့
နင်နဲ့ငါဟာ ဘယ်တော့မှမနီးနိုင်တဲ့
"သူငယ်ချင်း"ဆိုတဲ့စည်းတွေနဲ့
ချည်နှောင်ခံထားရတော့လည်း
အဲဒီစည်းတွေကိုဖောက်ပြီး
ချစ်သူဘ၀ရောက်ခဲ့ရင်တောင်
အရင်နေရာလေးပျောက်မှာကို
ငါအရမ်းကြောက်မိလို့ပါ
နောက်တစ်ယောက်ဆိုတာရှိခဲ့ရင်တောင်
နင့်လောက်ဘယ်သူမှ မကောင်းနိုင်ဘူး
ဒါကြောင့်
သူငယ်ချင်းရယ်
နားလည်မှုလေးတွေနဲ့ပဲ
နင်နဲ့ငါ လွဲနေရအုံးမယ်၊

Friday, July 25, 2008

ကဗျာကို ချစ်တတ်လာခြင်း


ငယ်ငယ်တုန်းက ကျောင်းခန်းထဲမှာ ရှေ့ ဆုံးခုံတန်းမှာနေရမှ ကြိုက်တယ်။ ခုနှစ်တန်းနှစ်ရောက်တော့ ဆရာမ
ကနောက်ဆုံးခုံတန်းကို ပို့လိုက်တယ်။ မနေချင်တဲ့နေရာမှာ နေခဲ့ရတော့ သိပ်မကျေနပ်ဘူး။ နောက်မှာနေရင် ဆရာမနဲ့ ဝေးတော့ စာကိုဂရုမစိုက်လို့ဆိုပြီး စာညံ့တဲ့လူတွေကို ရှေ့ မှာထားတယ်။ အဲဒီနှစ်မှာပဲ ကျွန်တော် နောက်ဆုံး ခုံမှာ ထိုင်ရခြင်းရဲ့ အရသာကို ကြိုက်သွားခဲ့တယ်။ စာသင်တာကို နားမထောင်ပဲ ငေးနေတာတွေ တွေးနေတာတွေ များလာခဲ့တယ်။ မုန့်ခိုးစားတာတို့ ကျောင်းလစ်တာတို့လိုမျိုး အကျင့်တွေကိုပါ မလိုချင်ပါပဲ ရလာခဲ့တယ်လေ။ ကဗျာဆိုတဲ့ အရာတစ်ခုကို ရေးတတ်လာခြင်းက အဆိုးဆုံးပဲ ။ပန်းချီဆွဲလိုက် ကဗျာရေး လိုက်နဲ့ အဲလိုနဲ့  မသိမသာနေရာယူလာခဲ့ကြတာက စာပေပဲ။ ကဗျာရေးလိုက် စာဖတ်လိုက်နဲ့ ကျောင်းစာဘက် မှာအားနည်းခဲ့တယ်။ ဒါပေမယ့်လုံးဝတော့မဟုတ်ပါဘူး။ တစ်နှစ်တစ်တန်းအောင်လာခဲ့တယ်။ အရမ်းထူးချွန်မှု တွေနဲ့တော့မဟုတ်ဖူးပေါ့။ ဒါ ငယ်ငယ်က စာသင်ခန်းထဲမှာ နောက်ဆုံးခုံမှာ ထိုင်ခဲ့ရခြင်းက ငုတ်နေတဲ့စိတ်ကူး တွေကို ဖော်ထုတ်ပေးလိုက်တာလား သေချာမသိပေမယ့် စာရူးတစ်ယောက်တော့ ဖြစ်လာခဲ့တယ်။ ညဘက် မအိပ်ဘူး ကဗျာတွေ ခိုးရေးတယ်။အိပ်ပျက်ညတွေကို ကြိုက်တတ်လာတယ်။ တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာတယ်။ ကိုယ်လူတွေနဲ့ ဝေးမှန်းမသိဝေးဝေးသွားတယ်။ ဒါပေမယ့် နီးလာခဲ့တယ်လို့လဲပြောလို့ ရပါတယ်။ လူချင်းမနီးပေမယ့် လူ့စိတ်လူ့အထာတွေကို နားလည်တတ်စ ပြုလာခဲ့တယ်။ ကျောင်းသင်ခန်းစာ ထဲမှာ မသင်ရတဲ့ လောကကြီးအကြောင်းကို စိတ်ဝင်တစားနဲ့ သိချင်လာတယ်။ စာအုပ်တွေထဲမှာ ရှာကြည့် နေတယ်။ စာကပေးတဲ့ ရင့်ကျက်မှုက လက်တွေ့မှာလည်း အသုံးတည့်တယ်လို့ ပြောလို့ရပါတယ်။ စာပေက ပေးတဲ့အသိက ဘ၀ကို ရင်ဆိုင်ဖြတ်သန်းဖို့ အားတွေပြည့်ဝလာစေနိုင်တယ်။ ခံနိုင်ရည်ရှိလာတယ်လေ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်တယ် စာဖတ်ချင်တဲ့စိတ်၊ စာပေချစ်စိတ်လေးရအောင် လေ့ကျင့်ပေးလိုက်တဲ့ အတွေး လေးကိုပေါ့။ တစ်သက်လုံးပျော်ချင် သစ်ပင်စိုက်လို့ဆိုရိုးရှိပေမယ့် အမှတ်မထင် သဘာဝဘေးအန္တာရာယ်နဲ့ ကြုံလာရတဲ့အခါ အဲဒီပျော်ရွှင်မှုတွေက ပါသွားတတ်တယ်။ စာပေကတော့ ဘာတွေတိုက်စားတိုက်စား မရဘူး လေ။ ဖတ်ထားတဲ့ အသိဥာဏ်တွေက အမြဲကျန်နေခဲ့မယ်၊ စာအုပ်တွေကိုပဲ ဖျောက်လို့ရမယ်၊ သိနေတဲ့ အမှန် တရားတွေကိုတော့ မေ့ပျောက်ခိုင်းလို့မှ မရတာဆိုတော့။အင်း ... စာအုပ်တွေနဲ့အချိန်ကုန်ရခြင်းက ကျန်တာ တွေ နဲ့ အချိန်ကုန်တာ ထက်စာရင် ကောင်းပါတယ်လေ။
P.S မအားတော့ဘူး နောက်မှဆက်ဖောမယ်။

Thursday, July 24, 2008

နေ၀င်ချိန်အတွေး

တစ်နေ့တစ်နေ့ နေ၀င်ချိန်တွေရောက်တိုင်း တွေးကြည့်မိတယ်။ ဘ၀ရဲ့နေ၀င်ချိန်ကရော ဘယ်တော့ရောက်လာ
မလဲရယ်လို့။ ကိုယ့်ဘာသာသုံးသပ်ကြည့်တယ် တစ်နေ့တာ ဘာတွေလုပ်ဖြစ်လဲလို့။ မှန်မှန်လိုင်းပေါ်တက်တယ်။
ပျင်းရင်ပြန်ဆင်းလာတယ်။အားရင်ဖိုရမ်တွေထဲ ၀င်ဝင်ကလိတယ်။ ပြီးရင် ဘလော့ကိုရေးချင်လာရင်ရေးတယ်။
အလုပ်ရှိရင်လုပ်လိုက်တယ်။ပြီးရင်ရုံးဆင်း။ မနက်မိုးလင်းရုံးလာ လက်ဖက်ရည်ဆိုင်ထိုင် ညနေရုံးဆင်းရင်မုန့်တီ
ဆိုင်ကိုသွား။ခုတလောတော့မိုးရွာလို့ဆိုင်တွေကမဖွင့်ဘူး။ဟူးးးးးးးးးး နဖူးပေါ်လက်တင်လို့ရတဲ့အချိန်မှာသေချာ
တွေးကြည့်မိတော့ တစ်နေ့တာအတွက် ငါဘာတွေလုပ်ပြီးပြီလဲ။ ဘာတွေတိုးတက်လာလဲ။အကြွေးစာရင်းတွေ လား။တစ်နေ့ထက်တစ်နေ့ လူမှုရေးတွေ များများလာခဲ့။ဇာတ်လမ်းတွဲတွေကြည့်လိုက် ဘောလုံးပွဲတွေထိုင်ကြည့်လိုက်နဲ့ အချိန်တွေကုန်ကုန်လာတယ်။ ဒါမဲ့ မိဝေးဖဝေးဆွေမျိုးတွေနဲ့ဝေးတဲ့နေရာမှာ (နိုင်ငံရပ်ခြားတော့ မဟုတ်ဘူး) နေရတော့ ဒါတွေကပဲ အပျင်းပြေလုပ်ရင်းကနေ ရင့်လာတဲ့အနေအထားကို ရောက်လာပြီလို့ထင် မိတယ်။ဒါကြောင့် ဘာလုပ်သင့်လဲ ဘာလုပ်ရမလဲ ။ လစာလေးထုတ်လိုက် ကုန်လိုက် မနည်းချာလည်လိုက်နေ ရတဲ့ဘ၀မှာ အသားကျနေပေမဲ့  ကြာတော့ ညည်းငွေ့လာပြီ။ဘယ်လိုနည်းမျိုးနဲ့ ရုန်းထွက်ချင်နေတာလဲတော့ မသိဘူး။ အဝေးဆုံးကို သာပြေးလိုက်ချင်တယ် ပုံမှန်လည်ပတ်မှုတွေနဲ့ ဝေးတဲ့နေရာတစ်ခုခုဆီကိုပေါ့။ အရမ်း ကြီးတိုးတက်ပြောင်းလဲချင်တာမဟုတ်ပေမဲ့  ဘ၀မှာသာမာန်နေထိုင်မှုမျိုးနဲ့ အချိန်ကုန်သွားရမယ်ဆိုရင်တော့ မကောင်းဘူးထင်တယ်။အေးအေးချမ်းချမ်းနေချင်တာနဲ့ ရောင့်ရဲတင်းတိမ်တာနဲ့က တူမယောင်နဲ့ မတူဘူး။ အင်း တစ်ခုခုတော့လုပ်သင့်နေတာ သိပေမဲ့ ဘာလုပ်ရမှန်းမသိတာက လူတစ်ယောက်ရဲ့ အကြီးမားဆုံးအားနည်း ချက်ပဲ။ မသိတာက ခက်တယ်နော်။ရှိပြီးသားလမ်းကြောင်းမှာ လျှောက်ရတာကလွယ်ပေမဲ့ လမ်းသစ်ကိုရှာ တွေ့ဖို့ကမလွယ်ဘူး။တွေ့ခဲ့ရင်တောင် လူပြတ်တဲ့လမ်းဆိုပြီး မသွားရဲပဲနေမှာလား။ တစ်ယောက်တည်းသွားရဲ အောင် လုပ်ရမှာပေါ့။ တစ်ယောက်တည်းနေတတ်တဲ့  အကျင့်ကကောင်းတယ်လို့ ငါထင်တယ်။ဒါကြောင့် တစ်ယောက်တည်းပဲ နေတော့မယ်။

တေလေ

အမေမရှိတော့တဲ့
ကျွန်တော့်ရဲ့ ဇာတိမြို့ ကလေးမှာ
ကျွန်တော်ဟာ အိုးနင်းခွက်နင်း
ဘယ်အရာကိုမှ ပီပြင်နိုင်နင်းခြင်းမရှိ
ရင်ထဲက ကသိကအောက်ဖြစ်မှုတွေကို
ညှိနှိုင်းရင်း..................
ဖုံးကွယ်ရင်း................
ဟန်ဆောင်ပြုံးတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ရက်တွေက....များပြီ
ဆိုးဝါးတဲ့အသိဥာဏ်တွေနဲ့
ရိုးသားတဲ့ အဘိဓာန်ကို
ချေဖျက်ဖို့ကြိုးစားခဲ့တာအကြိမ်ကြိမ်
အမေမရှိတော့တဲ့အချိန်မှာပေါ့
ကျွန်တော်ဟာတေလေတစ်ကောင်အဖြစ်
ကျန်နေရစ်ခဲ့ပြီ
တေလေတစ်ကောင်အဖြစ်....
ကျန်နေရစ်ခဲ့ပြီ။

Wednesday, July 23, 2008

ကြိုဆိုပါ၏

အခုတလော ဘလော့ဘက်ကို ခြေလှမ်းမလှည့်ဖြစ်တာကြာပြီ။ ရေးမယ်လို့လုပ်လိုက်တိုင်း စကားလုံးတွေကမရှိ
တော့ပြန်ဘူး။လာလည်တဲ့သူတွေကို ဘာမှမပေးလိုက်နိုင်မှာစိုးတယ်။ တစ်ခုခုလေးတော့ ပေးချင်တယ်။ ပေး
လိုက်တဲ့အရာကလည်း အဲဒီလူအတွက် ကောင်းတာလေးပဲ ဖြစ်စေချင်တယ်။ ဒါကြောင့် ဘာမှမရေးပဲနေတာက
မှကောင်းမယ်ထင်ပြီး နားနေခဲ့တာပါ။ အွန်လိုင်းပေါ်တောင် သိပ်မတက်ဖြစ်ဘူး။ ကျန်းမာရေးကမကောင်းတော့
လူ့စိတ်ကလည်းမကောင်းနိုင်ဘူးလေ။ စိတ်ကူးကောင်းကောင်းတွေလည်း မထွက်လာတော့ဘူးပေါ့။ နောက်ပြီး
အခုတလော ဖိုရမ်တွေထဲ ၀င်ဝင်ကလိနေရတာကို ပိုကြိုက်လာလို့ ကိုယ့်ဘလော့ကို ပစ်ထားမိတယ်။ လာလည်
သူအားလုံးကိုကျေးဇူးတင်ပါတယ်။အကောင်းဆုံးတွေကိုပဲ အမြဲပေးဆပ်နိုင်အောင် ကြိုးစားနေပါတယ်။ နောက်
လဲလာလည်ကြဖို့နဲ့  အကောင်းအဆိုးဝေဖန်ပေးခဲ့ ကြဖို့ကို ကြိုဆိုပါတယ်။

အလွမ်း

အလွမ်း.....တဲ့

လွမ်းဖူးမှ သိလိုက်ရတဲ့ အလွမ်းရယ်....
တော်တော်ဆိုးပါလား ...

Friday, July 18, 2008

အပြုံးနောက်ကွယ်၌

အချစ်ရေ
ဝေးခဲ့ကြရပြီ
ထာဝရအတွက်လား
တခဏပဲဖြစ်ပါရစေကွယ်
မင်းမသိတဲ့
ငါ့ရဲ့အချစ်တွေ
မင်းမသိတဲ့
ငါ့ရဲ့အဖြစ်တွေ
ငါ့ရင်ထဲကဝေဒနာ
ဆယ်နွေထက်ကဲနေပါပေါ့လား။
ကွဲကြေလုအသည်းလွှာ
ကန္တာရအဆုံးမှာတော့
အချစ်ရေ
ကြိတ်မှိတ်ကာပြုံး။

မီးလျှံသက်သက်

မှေးစက်ခိုဝင်
သူ့ရင်ခွင်ထဲ
တိုးဝှေ့ဖြတ်သန်း
ပိုးဖလံတစ်ကောင်လို
မီးလျှံသက်သက်အနမ်းကိုမှ
တမ်းတနေတတ်တာ။

အချစ်အတွက်
အရိုင်းသက်သက်
ရင်ခွင်ပျက်ယွင်း
မသိခြင်းတွေကသာ
သူမသိတဲ့အလွမ်း
သူမသိတဲ့တမ်းတခြင်းတွေနဲ့
ရူးသွပ်နေဆဲပါလေ။

နှလုံးသားပဲ့ကြွေ
လမ်းခွဲရက်စက်သွားလေလည်း
အိပ်မက်ထဲတိုး
နှိပ်စက်နှိုးလည်း
အိပ်ပျက်ညတွေများနေလည်းလေ
သည်တသက်မှာ
နှုတ်မဆက်ပါပဲ
မီးလျှံထဲတိုး။

Monday, July 14, 2008

ကိုယ်ချင်းစာစိတ်

ဘ၀က တခါတခါ ကိုယ်ထင်ထားတာ ထက်တောင် ကြမ်းတမ်းတယ်။ ချိုမြိန်မှုတွေရဲ့  နောက်ကွယ်မှာ ခါးသက်
တဲ့ အရာတွေ ရှိနေတတ်တယ်။ရောဂါပျောက်အောင်လို့  အ၀င်မဆိုးအောင် ဆေးသကြားဖုံးထားတဲ့  ဆေးခါးခါး
တွေလိုပေါ့။ မသောက်ချင်ပေမဲ့  အခြေအနေအရြ ကိတ်မှိတ် သောက်ရတာတွေ မပြုံးချင်ပေမဲ့  ဟန်ဆောင်ပြုံး
နေရတာတွေကို စိတ်ပျက်ချင်လာတယ်။ ဒါပေမဲ့ ရှောင်လွှဲလို့ ရတဲ့အရာမှ မဟုတ်ပဲလေ။ မဖြစ်သင့်ဘူး ထင်တဲ့
အရာတွေကို မဖြစ်အောင် ထိန်းချုပ်နေရတာက ပိုပင်ပန်းတယ်။ မွန်းကြပ်တယ်။ ခံနိုင်ရည် မရှိချင်တော့ဘူး။
မသိတဲ့လူဆိုရင်မသိဘူးဆိုပြီး ခွင့်လွှတ်ပေးလို့ ရရင်ရမယ်။ ကိုယ်ကိုယ်တိုင်က သိနေတော့လည်း အသိအတိုင်း
ကျင့်ကြံနိုင်ဖို့ ကြိုးစားရတော့မယ်။ အခက်အခဲတွေ ကတော့နေရာတိုင်းမှာ ရှိနေမှာပါပဲ။ ကိုယ်လုပ်လိုက်တဲ့
အရာတစ်ခုအတွက် သူတပါး အဆင်ပြေရင် ကိုယ်နာကျင်ကြေကွဲရကျိုး ခံစားရကျိုးနပ်ပါတယ်။ အားလုံးဟာ
တစ်ဦးမဟုတ်တစ်ဦး အတွက်တော့ အဖြည့်ခံတွေ ဖြစ်လာကြရတာပဲလေ။ ကိုယ့်အတွက် အဖြည့်ခံသက်သက်
လူမျိုးနဲ့ တွေ့ ရသလို ကိုယ်ကိုယ်တိုင်က အဖြည့်ခံဖြစ်နေတဲ့ အခါလည်းရှိမယ်။

ဥပဒေမှာ သင်ခဲ့ရတယ် ယုံကြည်ရန်လုံလောက်သော အချက်အလက်ရှိသော အခါမှတပါး မည်သည့်အရာကိုမှ
ယုံကြည်ရန်အကြောင်းရှိသည်မမည်တဲ့ ။ဒါကြောင့် ယုံကြည်မှု ရှိဖို့ဆိုတာမလွယ်ပါဘူး။ နားလည်မှုဆိုတာ လုပ်ယူလို့ရပေမဲ့  ယုံကြည်မှု ဆိုတာက ကိုယ်ကိုယ်တိုင်က ယုံမှဖြစ်တာမျိုးပါ။ တစ်ခုခုကို ယုံကြည် မိပြီဆိုရင်
ယုံကြည်တဲ့အတိုင်း ဖြစ်လာရင် ဖြစ်လာဖြစ်မလာရင် တော်တော်ခံရ ခက်လိမ့်မယ်။ တခါတခါကျတော့ ယုံကြည်
မိတဲ့အတိုင်း ဖြစ်လာခဲ့တာတွေက မကောင်းပြန်ဘူး။ ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ် လူတစ်ယောက် ဆီက ယုံကြည်မှုကို ရယူလိုက်နိုင်တာဟာ အဲဒီလူရဲ့  ဘ၀အစိတ်အပိုင်းတစ်ခုကို ရလိုက်သလိုပါပဲ။ ဘာလို့လဲဆိုတော့ ယုံကြည်မှုရဖို့ဆိုတာ ခက်ခဲတယ်လေ။

လောကမှာ မသေချာဘူး ဆိုတဲ့အရာတွေက အသေချာဆုံးပဲ။ သေချာတယ်ဆိုတဲ့ အရာတွေက မသေချာဘူး။
သြော်ဘ၀မှာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာလေးတွေ ဖြစ်ခွင့်ရခဲ့ရင် တောင်မှကောင်းမယ်။ အကောင်းဆုံးကို ရွေးချယ်ခွင့်မရှိတဲ့ ငါ့အတွက် အကောင်းဆုံးက ရွေးချယ်သွားပါစေလို့ ပြောရမလားပဲ။ ဖတ်ခဲ့ဖူးတဲ့ကဗျာထဲကလိုပေါ့ ကျရှုံးတိုင်းသာ ငိုရပါမူ ဘယ်မှာမျက်ရည် ကျန်မည်နည်း။ လှိုင်းပုတ်တိုင်းသာ ပြိုရပါမူ ဘယ်မှာမြေကြီး ကျန်မည်နည်း ဆိုတဲ့ စာသားလေးတွေက လူ့ဘ၀ကို လှစ်ဟပြနေသလိုပါပဲ။ အရှုံးရှိရင် အနိုင်ရှိမယ်။ အနိုင်အရှုံးမရှိတဲ့ အရာကတော့ စစ်မှန်တဲ့ မေတ္တာတရားပဲ ဖြစ်မယ်ထင်တယ်။ အဆင်ပြေနေတာမြင်ရင် ကိုယ့်မှာပါ ပျော်ရွှင်နိုင်တဲ့  မုဒိတာစိတ်ကပဲ ကိုယ့်ဘ၀ကို အေးချမ်းမှုပေးနိုင်မှာ သေချာတယ်။ ဘယ်အရာကိုပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်နဲ့ နှိုင်းပြီးတော့ ကိုယ်ချင်းစာ စိတ်လေးမွေးကြည့်လိုက်ရင်ခု ဖြစ်ပျက်နေတဲ့ အရာ အားလုံးဟာ ကိုယ့်အတွက် ငြိမ်းချမ်းမှု တွေဖြစ်လာလိမ့်မယ်။ မိတ်ဆွေ သူငယ်ချင်းတို့အားလုံးလည်း ကိုယ်ချင်းစာစိတ်လေးတစ်ခုနဲ့ အရာရာကို ရင်ဆိုင်ဖြတ်သန်းနိုင်ကြ ပါစေလို့  ဆုတောင်းပေးလိုက်တယ်။

Saturday, July 12, 2008

ခွင့်ပြုပါ

သင်္ကြန်အတက်နေ့
တိုက်ဆိုင်လွန်းတယ်
မထင်မှတ်ဘဲ
ဖြတ်သန်းလာခဲ့ရတဲ့နေရာက
နင် ၄နှစ်တာကျင်လည်ခဲ့တယ်ဆိုတဲ့
အသိနဲ့တင်
ငါ့ ရင်တွေခုန်လာတယ်
တစ်ခါတွဲလျှောက်ခဲ့ဖူးတာက
တသက်စာဖြစ်သွားခဲ့ပြီလား
အာကြီး အသင်းကိုကြိုက်တတ်တဲ့ နင့်ကို
ဘော့လုံးပွဲကြည့်တိုင်း သတိရတယ်
Keyboard ပေါ်မှာလက်ချောင်းတွေတင်ပြီး
စကားလုံးတွေကို ပထမဆုံး ဖန်တီးတတ်ခဲ့စဉ်က
ငါ ရိုက်မိတဲ့စာလုံးတွေက
နင့် နာမည်သုံးလုံးဖြစ်နေခဲ့တာပါပဲ
Express ကားတစ်စင်းနဲ့ အမည်နဲ့တူတဲ့
နင့်နာမည်ကို ငါဘယ်တော့မှ
မေ့မရသေးဘူး
အညာမြေတစ်နေရာမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိနဲ့တင်
ငါကျေနပ်နေပါပြီ
နင်ရေးပေးခဲ့ဖူးတဲ့
ကဗျာတွေထဲကလို
ကောင်မလေးကိုတွေ့ နေပြီလား
စံပါယ်ရနံ့တွေသင်းနေတဲ့
နင့်ကဗျာလေးတွေနဲ့
ခွဲခွါခဲ့ရတာလည်းကြာပြီ
အချိန်တွေကြာလာတာနဲ့အမျှ
ခံစားမှုတွေက ပြောင်းသွားမယ်လို့
နင်ထင်လား
အစားထိုးကြည့်တာတောင်မရတဲ့
ငါ့နှလုံးသားရဲ့  နက်ရှိုင်းမှုကို
၅ နှစ်တာ ပတ်သက်ခဲ့ဖူးတဲ့
သံယောဇဉ်နဲ့ တင်
နင်ပြန်လှည့်ကြည့်သင့်တယ်
ဖုန်းထဲကနေဂရုစိုက်ပြတတ်တဲ့
ငါ့ရဲ့  အိပ်မက်ကလေးရေ
နွေ မိုး ဆောင်း
ပြောင်းလဲပေမဲ့
အိပ်မက်တစ်ခုတည်းကိုပဲ
တစ်စိုက်မတ်မတ်မက်တတ်တဲ့
ငါ့ကို
နိုးထခွင့်ပြုပါတော့။

မှားယွင်းသွားသောသီအိုရီ

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်တဲ့
နယူတန်ရဲ့  "နိယာမ"
မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်တဲ့
ဗုဒ္ဓတရား
မင်းနဲ့တွေ့မှ
အားလုံးမှားပြီပေါ့
မျှော်လင့်ချက်တွေ ပေးပေးပြီး
ဝေးခဲ့ရတဲ့ အဖြစ်
ဘကြီးအောင်လို ညာရက်ခဲ့တယ်။

ရင်ဖွင့်ဖော်

မွန်းကြပ်လွန်းပြီ
ဒါဏ်ရာတွေကများလွန်းပြီ
ကံကြမ္မာရဲ့ ရိုက်ပုတ်မှုတွေက
လွန်လွန်းပြီ
လောကဓံတဲ့ 
သွေးစိမ်းရှင်ရှင်ကျအောင်
ငါ ခံစားခဲ့ဖူးပြီ
ပတ်ဝန်းကျင်မှာ
မျက်နှာငယ်နဲ့ နေခဲ့ရတဲ့ဘ၀က
အချိန်ကြာလွန်းပြီ
ဘယ်တော့မှလွတ်မြောက်မှာတဲ့လဲ
နေ့နေ့ညည
ဒုက္ခတွေက နှိပ်စက်နိုင်လွန်းတယ်
ရင်ဖွင့်ဖော်ရယ်.....
သွေးဆုတ်ဖြူရော်နေတဲ့
ငါ့ရဲ့ စိတ်ဝိညာဉ်တွေကို
ဘယ်လိုနွေးထွေးမှုမျိုးနဲ့
နှစ်သိမ့်စေမှာလဲ
အဝေးကနေ
တစ်ယောက်ကိုတစ်ယောက်က
နွေးထွေးစေကြမယ်လေတဲ့
ဒါပေမဲ့.........
မင်းမရှိတဲ့ မနက်ဖြန်တိုင်းအတွက်
ပစ္စုပ္ပန်ကိုချန်လှပ်ပြီး
အနာဂါတ်ကို......
ငါဘယ်လိုနှလုံးသားမျိုးနဲ့
ရပ်တည်ပြီး
မောင်းနှင်သွားနိုင်မှာတဲ့လဲ။

Thursday, June 5, 2008

ရင်ကွဲတေး

မူမမှန်သေးတဲ့ ငါ့ရဲ့ရင်ခုန်သံတိုင်းမှာ
မင်းရဲ့အသည်းခွဲ တေးသံတွေပါတယ်
မင်းနဲ့ငါရဲ့အဖြစ်
မင်းကချန်ရစ်ခဲ့မှတော့
ငါ့အတွက် မျှော်လင့်ချက်
အရာရာတိုင်းဟာ....
ကံကြမ္မာ အဆိပ်သင့်နေခဲ့ပြီလေ
မင်းဟာ ငါ့အတွက် ဗဒိုင်းပွင့်
အဆင်းမလှတဲ့ ဆင်မြီးလက်စွပ်ကို
ကြာတော့လည်း....
စွန့်ရက်ရဲပြီပေါ့
စွန့်ပစ်သွားသူ နှလုံးသားမှာတော့
ကြေနပ်မှုအတိ
ပျော်ရွှင်မှု အပြည့်နဲ့
အစွန့်ပစ်ခံလူသားမှာတော့
ကြေကွဲမှု အလွမ်းတေးတစ်ပုဒ်
ရင်ကွဲအောင် အော်ဟစ်
အသက်နဲ့ခန္ဓာ စွန့်ခွာရသည်အထိပေါ့။