ငယ်ငယ်တုန်းက ကျောင်းခန်းထဲမှာ ရှေ့ ဆုံးခုံတန်းမှာနေရမှ ကြိုက်တယ်။ ခုနှစ်တန်းနှစ်ရောက်တော့ ဆရာမ ကနောက်ဆုံးခုံတန်းကို ပို့လိုက်တယ်။ မနေချင်တဲ့နေရာမှာ နေခဲ့ရတော့ သိပ်မကျေနပ်ဘူး။ နောက်မှာနေရင် ဆရာမနဲ့ ဝေးတော့ စာကိုဂရုမစိုက်လို့ဆိုပြီး စာညံ့တဲ့လူတွေကို ရှေ့ မှာထားတယ်။ အဲဒီနှစ်မှာပဲ ကျွန်တော် နောက်ဆုံး ခုံမှာ ထိုင်ရခြင်းရဲ့ အရသာကို ကြိုက်သွားခဲ့တယ်။ စာသင်တာကို နားမထောင်ပဲ ငေးနေတာတွေ တွေးနေတာတွေ များလာခဲ့တယ်။ မုန့်ခိုးစားတာတို့ ကျောင်းလစ်တာတို့လိုမျိုး အကျင့်တွေကိုပါ မလိုချင်ပါပဲ ရလာခဲ့တယ်လေ။ ကဗျာဆိုတဲ့ အရာတစ်ခုကို ရေးတတ်လာခြင်းက အဆိုးဆုံးပဲ ။ပန်းချီဆွဲလိုက် ကဗျာရေး လိုက်နဲ့ အဲလိုနဲ့  မသိမသာနေရာယူလာခဲ့ကြတာက စာပေပဲ။ ကဗျာရေးလိုက် စာဖတ်လိုက်နဲ့ ကျောင်းစာဘက် မှာအားနည်းခဲ့တယ်။ ဒါပေမယ့်လုံးဝတော့မဟုတ်ပါဘူး။ တစ်နှစ်တစ်တန်းအောင်လာခဲ့တယ်။ အရမ်းထူးချွန်မှု တွေနဲ့တော့မဟုတ်ဖူးပေါ့။ ဒါ ငယ်ငယ်က စာသင်ခန်းထဲမှာ နောက်ဆုံးခုံမှာ ထိုင်ခဲ့ရခြင်းက ငုတ်နေတဲ့စိတ်ကူး တွေကို ဖော်ထုတ်ပေးလိုက်တာလား သေချာမသိပေမယ့် စာရူးတစ်ယောက်တော့ ဖြစ်လာခဲ့တယ်။ ညဘက် မအိပ်ဘူး ကဗျာတွေ ခိုးရေးတယ်။အိပ်ပျက်ညတွေကို ကြိုက်တတ်လာတယ်။ တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာတယ်။ ကိုယ်လူတွေနဲ့ ဝေးမှန်းမသိဝေးဝေးသွားတယ်။ ဒါပေမယ့် နီးလာခဲ့တယ်လို့လဲပြောလို့ ရပါတယ်။ လူချင်းမနီးပေမယ့် လူ့စိတ်လူ့အထာတွေကို နားလည်တတ်စ ပြုလာခဲ့တယ်။ ကျောင်းသင်ခန်းစာ ထဲမှာ မသင်ရတဲ့ လောကကြီးအကြောင်းကို စိတ်ဝင်တစားနဲ့ သိချင်လာတယ်။ စာအုပ်တွေထဲမှာ ရှာကြည့် နေတယ်။ စာကပေးတဲ့ ရင့်ကျက်မှုက လက်တွေ့မှာလည်း အသုံးတည့်တယ်လို့ ပြောလို့ရပါတယ်။ စာပေက ပေးတဲ့အသိက ဘ၀ကို ရင်ဆိုင်ဖြတ်သန်းဖို့ အားတွေပြည့်ဝလာစေနိုင်တယ်။ ခံနိုင်ရည်ရှိလာတယ်လေ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်တယ် စာဖတ်ချင်တဲ့စိတ်၊ စာပေချစ်စိတ်လေးရအောင် လေ့ကျင့်ပေးလိုက်တဲ့ အတွေး လေးကိုပေါ့။ တစ်သက်လုံးပျော်ချင် သစ်ပင်စိုက်လို့ဆိုရိုးရှိပေမယ့် အမှတ်မထင် သဘာဝဘေးအန္တာရာယ်နဲ့ ကြုံလာရတဲ့အခါ အဲဒီပျော်ရွှင်မှုတွေက ပါသွားတတ်တယ်။ စာပေကတော့ ဘာတွေတိုက်စားတိုက်စား မရဘူး လေ။ ဖတ်ထားတဲ့ အသိဥာဏ်တွေက အမြဲကျန်နေခဲ့မယ်၊ စာအုပ်တွေကိုပဲ ဖျောက်လို့ရမယ်၊ သိနေတဲ့ အမှန် တရားတွေကိုတော့ မေ့ပျောက်ခိုင်းလို့မှ မရတာဆိုတော့။အင်း ... စာအုပ်တွေနဲ့အချိန်ကုန်ရခြင်းက ကျန်တာ တွေ နဲ့ အချိန်ကုန်တာ ထက်စာရင် ကောင်းပါတယ်လေ။
P.S မအားတော့ဘူး နောက်မှဆက်ဖောမယ်။