နှလုံးသား၏အလိုကို လိုက်မိတိုင်း ဦးနှောက်ရဲ့ငြိုငြင်မှုကို ခံရပြန်ပြီ။ နှလုံးသားအာဟာရလား၊ လောကရဲ့ သဘာဝလား၊ စိတ်ယာယာမှုလား၊ လူဖြစ်ရခြင်းရဲ့ဒုက္ခလား။ အချစ်ဆိုတဲ့အရာနဲ့ တွေ့မိခြင်းကို ဘယ်လို သတ်မှတ် ပြောဆိုရမလဲ။ အချစ်ဆိုတဲ့ခံစားမှုကလဲ ဟိုးမိုးပေါ်က ဓူဝံ ကြယ်ကိုဆွတ်ဖို့ စိတ်ကူးနဲ့ ပျံသန်းနေတတ်သလို မြေပြင်ပေါ်က အမှိုက် တစ်စလို လွင့်မြောချင်နေတဲ့အခါလဲ ဖြစ်တတ်တယ်။ ငယ်ငယ် ကတည်းက စောင့်ထိန်းခဲ့တဲ့ စည်းတွေကို ချိုးဖောက်ဖို့ သတ္တိတွေ ရှိလာတတ်သလို တစ်ခါမှ မလိုက်နာဖူးတာတွေကိုလည်း ခေါင်းငြိမ့်တတ် တဲ့အခါတွေ ရှိလာတယ်။
နည်းပညာကပေးတဲ့ အရာတွေကို ငြင်းဆန်လို့ရပေမယ့် သဘာဝတရားကပေးတဲ့အရာကို လူတွေမှာ ငြင်းဆန်နိုင်စွမ်း နည်းတယ် ။ အချစ်ဆိုတာလည်း လောကသဘာဝတရား တစ်ခုပါပဲ ချစ်ခြင်းဆိုတဲ့ စိတ်စွမ်းအားနဲ့ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဦးနှောက်အသိဥာဏ်တွေပါ ချိုးဖျက်တွန်းလှန် နိုင်ပေမယ့် လောကနိယာမအတိုင်း ခွဲခွာခြင်းဆိုတဲ့အရာကိုတော့ တိုက်ခိုက်နိုင်စွမ်းမရှိပါဘူး။ ချစ်လျက်နဲ့ ခွဲခွာရတာပဲဖြစ်ဖြစ် မုန်းလို့၊ နာကျည်းလို့ခွဲခွာရတာပဲဖြစ်ဖြစ် ခွဲခွာခြင်းနဲ့တော့ မလွတ်ကင်းနိုင်တော့ဘူး။ ရှင်လျက်နဲ့ခွဲခွာခြင်း၊ ထာဝရခွဲခွာခြင်း နှစ်မျိုးထဲက ဘယ်လိုအကြောင်း တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ခွဲခဲ့ရသည်ဖြစ်စေ ပူလောင်မှုကိုခံစားရတာပါပဲ။
ချစ်ခြင်းကြောင့်ရတဲ့ ပူလောင်မှု ... အဲဒါကို ဘယ်သူမှမလိုချင်ကြဘူး။ ဒါပေမယ့် အဲဒါကချစ်ခြင်းတရားနောက်မှာ ထပ်ကြပ်မကွာလိုက်လာတာပဲ။ မိဘက သားသမီးအပေါ် ပူပန်တဲ့စိတ်နဲ့ ချစ်သူတစ်ယောက်အပေါ်မှာ ပူပန်တဲ့စိတ်က မတူနိုင်ပေမယ့် အရာအားလုံးဟာ ချစ်ခြင်းတရားကြောင့်ရလာတဲ့ စိတ်ဒုက္ခတွေပါပဲ။ ကျွန်တော့်ဦးနှောက်ကလည်း သင်ကြားပေးတယ် သေခြင်းတရားရယ်၊ လောကဓံရယ် အကြောင်းကိုပေါ့။ ဖြစ်၊ တည်၊ ပျက် တြိဂံမှာ တည်ဆိုတဲ့အရာက ခဏပဲ ... တစ်နေ့နေ့မှာ မလွဲမသွေ အိုနာသေကို ကြုံလေဦးမည်တဲ့။ လောကဓံမုန်တိုင်းဆိုတာ တစ်ချက်တည်းနဲ့ တစ်သက်လုံး တည်ဆောက်ခဲ့သမျှ ပျော်ရွှင်မှုတွေကိုတောင် ပျောက်ပျက်အောင်လုပ်နိုင်တယ်ဆိုပဲ။ ဦးနှောက်ရဲ့လမ်းညွှန်မှု ပေါ်မှာ ရှင်သန်ရင်တော့ နှလုံးသားကို စတေးရတော့မယ်။ ဦးနှောက်က စဉ်းစားတယ်။ နှလုံးသားက ခံစားတယ်။ လူဆိုတာ ခံစားမှုနဲ့ အသက်ရှင်နေထိုင်တဲ့ သတ္တ၀ါပါပဲ။ ဘယ်လိုလုပ်ရမလဲ .... ဘ၀ဆက်တိုင်း ခံစားမှုတွေနဲ့ပဲ ရှင်သန်ရမှာလား ဒါမှမဟုတ် သံသရာရဟတ်မှာ ဖန်ခါခါလည်ပတ်မနေပဲ ထွက်ပေါက်ဆီရောက်အောင် ပြေးရမှာလား။
အချစ်ရဲ့အဆုံးသတ်က ပေါင်းစည်းခြင်း။ ပေါင်းစည်းခြင်းရဲ့အဆုံးကလည်း ခွဲခွါခြင်းပဲ ဖြစ်နေပြန်တယ်။ ပေါင်းစည်းခွင့်ရတဲ့ခဏလေးမှာရော ရာနှုန်းပြည့်ပျော်ရွှင်မှုရပါ့မလား။ ပျော်ရွှင်ခြင်းရဲ့ နောက်ကွယ်မှာ ဆိုးဝါးတဲ့ ၀မ်းနည်းစရာတွေ ရှိတတ်သလို မုန်တိုင်းကြမ်းကြမ်းတွေရဲ့ နောက်မှာလည်း တစ်ဖန် ပျော်ရွှင်မှုတွေရှိတတ်တယ်။ ဦးနှောက်နဲ့နှလုံးသား တိုက်ပွဲဖြစ်နေကြတယ်။ ဘယ်သူက ဘယ်သူ့ကို အနိုင်တိုက်နိုင်မလဲတော့မသိဘူး။ ဒါပေမယ့် တစ်ယောက်ယောက်ကပဲ အမြဲနိုင်သွားတာလည်း မဖြစ်နိုင်ဘူး နိုင်လိုက်၊ ရှုံးလိုက်၊ သရေကျလိုက်နဲ့ တစ်လှည့်စီဖြစ်နေလိမ့်မယ်။ ဒီတိုက်ပွဲကို ဘယ်အချိန်ထိ ဆက်တိုက်နေရအုံးမှာလဲ ကျွန်တော်က အေးချမ်းတဲ့ဘ၀လေးတစ်ခုကိုပဲ ပိုင်ဆိုင်ချင်ပါတယ်။ အစွန်းနှစ်ဖက်ကြားမှာ အေးချမ်းစွာ ရှင်သန်ခွင့်ရချင်တယ်။
အသက်ရှင် နေထိုင်ဖို့အတွက် အချစ်မလိုအပ်ဘူး။ အစာစားဖို့အတွက် အချစ်မလိုဘူး။ အညစ်အကြေး စွန့်ဖို့အတွက် အချစ်မလိုဘူး။ ဆော့ဝဲလ်တွေရေးဖို့အတွက် အချစ်မလိုဘူး။ မီးတွေပုံမှန်လာဖို့ အချစ်မလိုဘူး။ ကုန်ဈေးနှုန်းတွေ တက်တာကျတာအတွက် အချစ်မလိုဘူး မီးလောင်နေတဲ့ နေရာမှာ အချစ်မလိုဘူး (မီးသတ်ကားပဲလိုတယ်)။ နာဂစ်မုန်တိုင်းဒါဏ် ခံနေရချိန်မှာ အချစ်မလိုဘူး။ သေချာတွေးကြည့်ရင်တော့ အချစ်မလိုတဲ့ နေရာတွေ အများကြီးပါ။ ဒါဆိုရင် အချစ်ကဘာအတွက် ဘယ်နေရာအတွက်ပဲ လိုအပ်နေတာလဲ။ စိတ်ခံစားမှုလေးအတွက်ပဲ လိုတာလား။ အဲလိုတော့လည်း မဟုတ်ပြန်ဘူးထင်တယ်။ ကျန်တဲ့သူတွေကရော ဘယ်လိုထင်လဲ အားလုံးရဲ့ အမြင်တွေကိုလည်း မျှဝေခံစားချင်ပါတယ်။