Showing posts with label စာတမ်းငယ်. Show all posts
Showing posts with label စာတမ်းငယ်. Show all posts

Wednesday, January 21, 2009

ကျွန်တော်သိသောချစ်ခြင်းတရားအကြောင်း


နှလုံးသား၏အလိုကို လိုက်မိတိုင်း ဦးနှောက်ရဲ့ငြိုငြင်မှုကို ခံရပြန်ပြီ။ နှလုံးသားအာဟာရလား၊ လောကရဲ့ သဘာဝလား၊ စိတ်ယာယာမှုလား၊ လူဖြစ်ရခြင်းရဲ့ဒုက္ခလား။ အချစ်ဆိုတဲ့အရာနဲ့ တွေ့မိခြင်းကို ဘယ်လို သတ်မှတ် ပြောဆိုရမလဲ။ အချစ်ဆိုတဲ့ခံစားမှုကလဲ ဟိုးမိုးပေါ်က ဓူဝံ ကြယ်ကိုဆွတ်ဖို့ စိတ်ကူးနဲ့ ပျံသန်းနေတတ်သလို မြေပြင်ပေါ်က အမှိုက် တစ်စလို လွင့်မြောချင်နေတဲ့အခါလဲ ဖြစ်တတ်တယ်။ ငယ်ငယ် ကတည်းက စောင့်ထိန်းခဲ့တဲ့ စည်းတွေကို ချိုးဖောက်ဖို့ သတ္တိတွေ ရှိလာတတ်သလို တစ်ခါမှ မလိုက်နာဖူးတာတွေကိုလည်း ခေါင်းငြိမ့်တတ် တဲ့အခါတွေ ရှိလာတယ်။

နည်းပညာကပေးတဲ့ အရာတွေကို ငြင်းဆန်လို့ရပေမယ့် သဘာဝတရားကပေးတဲ့အရာကို လူတွေမှာ ငြင်းဆန်နိုင်စွမ်း နည်းတယ် ။ အချစ်ဆိုတာလည်း လောကသဘာဝတရား တစ်ခုပါပဲ ချစ်ခြင်းဆိုတဲ့ စိတ်စွမ်းအားနဲ့ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ဦးနှောက်အသိဥာဏ်တွေပါ ချိုးဖျက်တွန်းလှန် နိုင်ပေမယ့် လောကနိယာမအတိုင်း ခွဲခွာခြင်းဆိုတဲ့အရာကိုတော့ တိုက်ခိုက်နိုင်စွမ်းမရှိပါဘူး။ ချစ်လျက်နဲ့ ခွဲခွာရတာပဲဖြစ်ဖြစ် မုန်းလို့၊ နာကျည်းလို့ခွဲခွာရတာပဲဖြစ်ဖြစ် ခွဲခွာခြင်းနဲ့တော့ မလွတ်ကင်းနိုင်တော့ဘူး။ ရှင်လျက်နဲ့ခွဲခွာခြင်း၊ ထာဝရခွဲခွာခြင်း နှစ်မျိုးထဲက ဘယ်လိုအကြောင်း တစ်ခုခုကြောင့်ပဲဖြစ်ဖြစ် ခွဲခဲ့ရသည်ဖြစ်စေ ပူလောင်မှုကိုခံစားရတာပါပဲ။

ချစ်ခြင်းကြောင့်ရတဲ့ ပူလောင်မှု ... အဲဒါကို ဘယ်သူမှမလိုချင်ကြဘူး။ ဒါပေမယ့် အဲဒါကချစ်ခြင်းတရားနောက်မှာ ထပ်ကြပ်မကွာလိုက်လာတာပဲ။ မိဘက သားသမီးအပေါ် ပူပန်တဲ့စိတ်နဲ့ ချစ်သူတစ်ယောက်အပေါ်မှာ ပူပန်တဲ့စိတ်က မတူနိုင်ပေမယ့် အရာအားလုံးဟာ ချစ်ခြင်းတရားကြောင့်ရလာတဲ့ စိတ်ဒုက္ခတွေပါပဲ။ ကျွန်တော့်ဦးနှောက်ကလည်း သင်ကြားပေးတယ် သေခြင်းတရားရယ်၊ လောကဓံရယ် အကြောင်းကိုပေါ့။ ဖြစ်၊ တည်၊ ပျက် တြိဂံမှာ တည်ဆိုတဲ့အရာက ခဏပဲ ... တစ်နေ့နေ့မှာ မလွဲမသွေ အိုနာသေကို ကြုံလေဦးမည်တဲ့။ လောကဓံမုန်တိုင်းဆိုတာ တစ်ချက်တည်းနဲ့ တစ်သက်လုံး တည်ဆောက်ခဲ့သမျှ ပျော်ရွှင်မှုတွေကိုတောင် ပျောက်ပျက်အောင်လုပ်နိုင်တယ်ဆိုပဲ။ ဦးနှောက်ရဲ့လမ်းညွှန်မှု ပေါ်မှာ ရှင်သန်ရင်တော့ နှလုံးသားကို စတေးရတော့မယ်။ ဦးနှောက်က စဉ်းစားတယ်။ နှလုံးသားက ခံစားတယ်။ လူဆိုတာ ခံစားမှုနဲ့ အသက်ရှင်နေထိုင်တဲ့ သတ္တ၀ါပါပဲ။ ဘယ်လိုလုပ်ရမလဲ .... ဘ၀ဆက်တိုင်း ခံစားမှုတွေနဲ့ပဲ ရှင်သန်ရမှာလား ဒါမှမဟုတ် သံသရာရဟတ်မှာ ဖန်ခါခါလည်ပတ်မနေပဲ ထွက်ပေါက်ဆီရောက်အောင် ပြေးရမှာလား။

အချစ်ရဲ့အဆုံးသတ်က ပေါင်းစည်းခြင်း။ ပေါင်းစည်းခြင်းရဲ့အဆုံးကလည်း ခွဲခွါခြင်းပဲ ဖြစ်နေပြန်တယ်။ ပေါင်းစည်းခွင့်ရတဲ့ခဏလေးမှာရော ရာနှုန်းပြည့်ပျော်ရွှင်မှုရပါ့မလား။ ပျော်ရွှင်ခြင်းရဲ့ နောက်ကွယ်မှာ ဆိုးဝါးတဲ့ ၀မ်းနည်းစရာတွေ ရှိတတ်သလို မုန်တိုင်းကြမ်းကြမ်းတွေရဲ့ နောက်မှာလည်း တစ်ဖန် ပျော်ရွှင်မှုတွေရှိတတ်တယ်။ ဦးနှောက်နဲ့နှလုံးသား တိုက်ပွဲဖြစ်နေကြတယ်။ ဘယ်သူက ဘယ်သူ့ကို အနိုင်တိုက်နိုင်မလဲတော့မသိဘူး။ ဒါပေမယ့် တစ်ယောက်ယောက်ကပဲ အမြဲနိုင်သွားတာလည်း မဖြစ်နိုင်ဘူး နိုင်လိုက်၊ ရှုံးလိုက်၊ သရေကျလိုက်နဲ့ တစ်လှည့်စီဖြစ်နေလိမ့်မယ်။ ဒီတိုက်ပွဲကို ဘယ်အချိန်ထိ ဆက်တိုက်နေရအုံးမှာလဲ ကျွန်တော်က အေးချမ်းတဲ့ဘ၀လေးတစ်ခုကိုပဲ ပိုင်ဆိုင်ချင်ပါတယ်။ အစွန်းနှစ်ဖက်ကြားမှာ အေးချမ်းစွာ ရှင်သန်ခွင့်ရချင်တယ်။

အသက်ရှင် နေထိုင်ဖို့အတွက် အချစ်မလိုအပ်ဘူး။ အစာစားဖို့အတွက် အချစ်မလိုဘူး။ အညစ်အကြေး စွန့်ဖို့အတွက် အချစ်မလိုဘူး။ ဆော့ဝဲလ်တွေရေးဖို့အတွက် အချစ်မလိုဘူး။ မီးတွေပုံမှန်လာဖို့ အချစ်မလိုဘူး။ ကုန်ဈေးနှုန်းတွေ တက်တာကျတာအတွက် အချစ်မလိုဘူး မီးလောင်နေတဲ့ နေရာမှာ အချစ်မလိုဘူး (မီးသတ်ကားပဲလိုတယ်)။ နာဂစ်မုန်တိုင်းဒါဏ် ခံနေရချိန်မှာ အချစ်မလိုဘူး။ သေချာတွေးကြည့်ရင်တော့ အချစ်မလိုတဲ့ နေရာတွေ အများကြီးပါ။ ဒါဆိုရင် အချစ်ကဘာအတွက် ဘယ်နေရာအတွက်ပဲ လိုအပ်နေတာလဲ။ စိတ်ခံစားမှုလေးအတွက်ပဲ လိုတာလား။ အဲလိုတော့လည်း မဟုတ်ပြန်ဘူးထင်တယ်။ ကျန်တဲ့သူတွေကရော ဘယ်လိုထင်လဲ အားလုံးရဲ့ အမြင်တွေကိုလည်း မျှဝေခံစားချင်ပါတယ်။

Monday, July 14, 2008

ကိုယ်ချင်းစာစိတ်

ဘ၀က တခါတခါ ကိုယ်ထင်ထားတာ ထက်တောင် ကြမ်းတမ်းတယ်။ ချိုမြိန်မှုတွေရဲ့  နောက်ကွယ်မှာ ခါးသက်
တဲ့ အရာတွေ ရှိနေတတ်တယ်။ရောဂါပျောက်အောင်လို့  အ၀င်မဆိုးအောင် ဆေးသကြားဖုံးထားတဲ့  ဆေးခါးခါး
တွေလိုပေါ့။ မသောက်ချင်ပေမဲ့  အခြေအနေအရြ ကိတ်မှိတ် သောက်ရတာတွေ မပြုံးချင်ပေမဲ့  ဟန်ဆောင်ပြုံး
နေရတာတွေကို စိတ်ပျက်ချင်လာတယ်။ ဒါပေမဲ့ ရှောင်လွှဲလို့ ရတဲ့အရာမှ မဟုတ်ပဲလေ။ မဖြစ်သင့်ဘူး ထင်တဲ့
အရာတွေကို မဖြစ်အောင် ထိန်းချုပ်နေရတာက ပိုပင်ပန်းတယ်။ မွန်းကြပ်တယ်။ ခံနိုင်ရည် မရှိချင်တော့ဘူး။
မသိတဲ့လူဆိုရင်မသိဘူးဆိုပြီး ခွင့်လွှတ်ပေးလို့ ရရင်ရမယ်။ ကိုယ်ကိုယ်တိုင်က သိနေတော့လည်း အသိအတိုင်း
ကျင့်ကြံနိုင်ဖို့ ကြိုးစားရတော့မယ်။ အခက်အခဲတွေ ကတော့နေရာတိုင်းမှာ ရှိနေမှာပါပဲ။ ကိုယ်လုပ်လိုက်တဲ့
အရာတစ်ခုအတွက် သူတပါး အဆင်ပြေရင် ကိုယ်နာကျင်ကြေကွဲရကျိုး ခံစားရကျိုးနပ်ပါတယ်။ အားလုံးဟာ
တစ်ဦးမဟုတ်တစ်ဦး အတွက်တော့ အဖြည့်ခံတွေ ဖြစ်လာကြရတာပဲလေ။ ကိုယ့်အတွက် အဖြည့်ခံသက်သက်
လူမျိုးနဲ့ တွေ့ ရသလို ကိုယ်ကိုယ်တိုင်က အဖြည့်ခံဖြစ်နေတဲ့ အခါလည်းရှိမယ်။

ဥပဒေမှာ သင်ခဲ့ရတယ် ယုံကြည်ရန်လုံလောက်သော အချက်အလက်ရှိသော အခါမှတပါး မည်သည့်အရာကိုမှ
ယုံကြည်ရန်အကြောင်းရှိသည်မမည်တဲ့ ။ဒါကြောင့် ယုံကြည်မှု ရှိဖို့ဆိုတာမလွယ်ပါဘူး။ နားလည်မှုဆိုတာ လုပ်ယူလို့ရပေမဲ့  ယုံကြည်မှု ဆိုတာက ကိုယ်ကိုယ်တိုင်က ယုံမှဖြစ်တာမျိုးပါ။ တစ်ခုခုကို ယုံကြည် မိပြီဆိုရင်
ယုံကြည်တဲ့အတိုင်း ဖြစ်လာရင် ဖြစ်လာဖြစ်မလာရင် တော်တော်ခံရ ခက်လိမ့်မယ်။ တခါတခါကျတော့ ယုံကြည်
မိတဲ့အတိုင်း ဖြစ်လာခဲ့တာတွေက မကောင်းပြန်ဘူး။ ဘယ်လိုအနေအထားပဲ ဖြစ်ဖြစ် လူတစ်ယောက် ဆီက ယုံကြည်မှုကို ရယူလိုက်နိုင်တာဟာ အဲဒီလူရဲ့  ဘ၀အစိတ်အပိုင်းတစ်ခုကို ရလိုက်သလိုပါပဲ။ ဘာလို့လဲဆိုတော့ ယုံကြည်မှုရဖို့ဆိုတာ ခက်ခဲတယ်လေ။

လောကမှာ မသေချာဘူး ဆိုတဲ့အရာတွေက အသေချာဆုံးပဲ။ သေချာတယ်ဆိုတဲ့ အရာတွေက မသေချာဘူး။
သြော်ဘ၀မှာ ကိုယ်ဖြစ်ချင်တာထက် ဖြစ်သင့်တာလေးတွေ ဖြစ်ခွင့်ရခဲ့ရင် တောင်မှကောင်းမယ်။ အကောင်းဆုံးကို ရွေးချယ်ခွင့်မရှိတဲ့ ငါ့အတွက် အကောင်းဆုံးက ရွေးချယ်သွားပါစေလို့ ပြောရမလားပဲ။ ဖတ်ခဲ့ဖူးတဲ့ကဗျာထဲကလိုပေါ့ ကျရှုံးတိုင်းသာ ငိုရပါမူ ဘယ်မှာမျက်ရည် ကျန်မည်နည်း။ လှိုင်းပုတ်တိုင်းသာ ပြိုရပါမူ ဘယ်မှာမြေကြီး ကျန်မည်နည်း ဆိုတဲ့ စာသားလေးတွေက လူ့ဘ၀ကို လှစ်ဟပြနေသလိုပါပဲ။ အရှုံးရှိရင် အနိုင်ရှိမယ်။ အနိုင်အရှုံးမရှိတဲ့ အရာကတော့ စစ်မှန်တဲ့ မေတ္တာတရားပဲ ဖြစ်မယ်ထင်တယ်။ အဆင်ပြေနေတာမြင်ရင် ကိုယ့်မှာပါ ပျော်ရွှင်နိုင်တဲ့  မုဒိတာစိတ်ကပဲ ကိုယ့်ဘ၀ကို အေးချမ်းမှုပေးနိုင်မှာ သေချာတယ်။ ဘယ်အရာကိုပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင်နဲ့ နှိုင်းပြီးတော့ ကိုယ်ချင်းစာ စိတ်လေးမွေးကြည့်လိုက်ရင်ခု ဖြစ်ပျက်နေတဲ့ အရာ အားလုံးဟာ ကိုယ့်အတွက် ငြိမ်းချမ်းမှု တွေဖြစ်လာလိမ့်မယ်။ မိတ်ဆွေ သူငယ်ချင်းတို့အားလုံးလည်း ကိုယ်ချင်းစာစိတ်လေးတစ်ခုနဲ့ အရာရာကို ရင်ဆိုင်ဖြတ်သန်းနိုင်ကြ ပါစေလို့  ဆုတောင်းပေးလိုက်တယ်။

Friday, May 30, 2008

မြို့ကလေး---------သို့ 

တောင်တန်းပြာပြာနှင့် တောင်ကျချောင်းရေကြည်ကြည်စိမ်းစိုနေတဲ့ တောတန်း ရွှေရောင်လွှမ်းနေတဲ့  စပါးခင်း တွေနဲ့ပြည့်နှက်နေတဲ့မြို့ကလေး ----ကမ္ဘာမှာမျက်နှာရနေတဲ့ အဖိုးတန်ကျွန်းသစ်အမြောက်အများကို ထုတ်ပေး နေတဲ့ ရိုးမတောင်တန်းကြီးတွေရဲ့ အလယ်မှာ တည်ရှိနေတဲ့မြို့ ကလေး-----ဖန်းခါးမြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ မကွေးတိုင်း ဆောမြို့ နယ်အတွင်းမှာ တည်ရှိနေတဲ့  ယောနယ်တောင်ပိုင်းရဲ့  ရှေးဟောင်းသမိုင်းဝင်မြို့ ကလေး ရေ----တောင်တန်းပြာပြာတွေက နင့်ကို ၀ှက်ထားကြတယ် တောင်ကျချောင်းရေကြည်ကြည်တွေက နင့်ကိုဝန်းရံ စီးဆင်းနေကြတယ်နော် တခါတရံမှာ မြောက်ပြန်လေနဲ့ အတူ “ခေါနုစုမ်”လို့ ခေါ်တဲ့  “၀ိတိုရိယ” တောင် ပေါ်က တောင်ဇလပ်ရနံ့ တွေက လေအနော့မှာ ဆော့ကစားလာတတ်ကြသေးရဲ့ နော် ကောင်းကင်ပြာပြာ ကြီးကလည်း မြို့ ကလေးရဲ့ သဘာဝရှုခင်းအလှကို ပံ့ပိုးဖြည့်ဆည်းပေးထားပြန်ပါရဲ့--ဆည်းဆာညနေချိန် မှာတော့ တောင်တန်းပြာပြာပေါ် မေးတင်ထားတဲ့ နေ၀န်းနီနီရယ် ဖြူလွှလွှတိမ်စိုင်တွေရယ်ဟာ တောင်ကျ ချောင်း ရေ ကြည်ကြည်ပေါ်မှာ အရိပ်ထင်နေတဲ့ မြင်ကွင်းက မျက်ဝန်းထဲမှာတင်မက နှလုံးသားထဲမှာပါ စွဲထင် ကျန်ရစ်တယ်ဆိုရင်လိုတယ်လို့ တောင် ပြောကြအုံးမှာပါ သေချာပါတယ် ။
မြို့ ကလေးရေ........ နှင်းတွေဝေ မြူတွေဆိုင်းနေတဲ့ ဆောင်းမနက်ခင်းတိုင်းရဲ့ မြင်ကွင်းဟာ နှင်းစက် တွေရွှဲကျနေတဲ့ စိမ်းစိုစို မြက်ခင်းတွေနဲ့ထွက်ပြူစနေမင်းရယ်ဟာ အဲဒီမြို့ ကလေးမှာလှပစွာနေရာယူထားတတ် ပြန်ပါရဲ့၊ မြင်မြင်ချင်းကျိန်ဝင့်ပါရဲ့  မြို့ ကလေးရေ---အဲဒီမနက်ခင်းလောက်လှတဲ့ အလှစစ်စစ်ကို ဘယ်နေရာ မှာမှမတွေ့ ခဲ့ဖူးကြောင်းကိုပေါ့ ၊ဟိုးအဝေးကလှမ်းမြင်နေရတဲ့ တောင်ကုန်းထက်က ထုံးဖြူဖြူစေတီတွေရယ်
မြို့ လယ်မှာရှိတဲ့ ရွှေရောင်တ၀င်းဝင်းနဲ့ ယောနယ်တစ်ခုလုံးရဲ့ တန်ခိုးကြီးစေတီတစ်ဆူဖြစ်တဲ့  “မြမာလာ” စေတီ ရယ် စိမ်းလဲ့နေတဲ့ကန်မှာကြာမျိုးစုံနဲ့ပြည့်နှက် တင့်တယ်လှပနေတဲ့ မြို့လယ်ကန်ကြီးနံဘေးက ခြောက်ဆူ စေတီတွေရယ်က မြို့ ကလေးရဲ့  စိတ်အလှနဲ့ ဓါနတရားတွေကို ဖော်ကြူးပေးတတ်ပြန်ပါရဲ့ ........
မြို့ကလေးရေ နိုင်ငံတော်ရဲ့မျိုးဆက်သစ်ရတနာတွေကို ဖော်ထုတ်ပေးနေတဲ့ အ.ထ.ကကျောင်း အဆောက်အဦး ကြီးကလည်း မြို့ ကလေးရဲ့ ဂုဏ်သိက္ခာကို တည်ငြိမ်စွာဖော်ပြ နေတတ်ပြန်ပြီလေ၊ တိုက်နယ် ဆေးရုံနဘေးက စိန်ပန်းတွေအုံ့ဆိုင်းနေတဲ့  မူလတန်းကျောင်း ၊ရပ်ကွက်စာကြည့်တိုက်၊ သစ်တောဌာနရုံး ၊ကြံ့ ခိုင်ရေးရုံး ၊အစိုးရရုံးတွေနဲ့  တဆက် တည်းလိုရှိနေတဲ့  ဘုန်းတော်ကြီး စာသင်ကျောင်းတိုက်တွေကလည်း ခံ့ညား ထည်ဝါစွာနဲ့လာသမျှဧည့်သည် ကို ဖိတ်ခေါ်ကြိုဆိုနေကြတယ်လေ၊ မြို့ကလေးရေ လက်ညှိုးထိုးရင်မလွဲ လောက်အောင်ပေါများလှတဲ့ စေတီတွေတည်ရှိတာကြောင့် “ဒုတိယပုဂံမြေ”လို့ခေါ်ဝေါ်တင်စား မှားမယ် မထင်ပါလားနော်......
ပကာသနမဖက်တဲ့ သဘာဝအလှစစ်တွေနဲ့  တည်ရှိနေတဲ့ မြို့ ကလေးရေ............ ကံစမ်းမဲခြစ်ရတာ ထက်တောင်ပိုပြီးတော့ေ၀၀ါးသေးတဲ့ငါ့ကံကြမ္မာကအဝေးရောက်သူငယ်ချင်းတွေကို အားကျတမ်းတ လွမ်းဆွတ် သတိရနေရုံကလွဲပြီး ဘာလုပ်လို့ရမှာတဲ့လဲ....ငါမှတ်မိသလောက် ငါ့ဘက်ကနေတစ်ခါမှ ရပ်တည်မှုမရှိတဲ့  ငါ့ရဲ့ ကံကြမ္မာကိုလည်း အပြစ်မဆိုချင်ပါဘူးလေ..ဒါပေမဲ့ သေချာတာကတော့ မြို့ကလေးရေ ငါဟာ မျှော်လင့် ချက်မထားဘဲ ယုံကြည်ချက်ထားတတ်တဲ့လူစားပါ ။ငါ့ဆန္ဖတွေ တစ်နေ့နေ့ ပြည့်မယ်ဆိုတာကိုပေါ့ ......
မြို့ကလေးရေ ငါဟာ ရင်ထဲမှာ သူငယ်ချင်းတွေကို လွမ်းတဲ့စိတ်တွေရယ်(တစ်ချို့)ဝေဖန်တတ်တဲ့ ပတ်ဝန်းကျင်နဲ့  မပြေမလည်မကြည်မလင်ဖြစ်နေတဲ့  ငါ့စိတ်တွေရင်ထဲမှာ ပြည့်နေတဲ့  နာကျည်းချက်၊ မုန်းတီးချက် တွေကို မြို့ကလေးကိုတိုင်တည်ငိုကြွေးပြီး ရင်ဖွင့်ပြောခဲ့တဲ့ရက်တွေ အမြောက်အများရှိတယ်ဆိုတာ မြို့က လေးရေ မင်းနဲ့ငါသာအသိဆုံးပါကွာ တစ်ခါတစ်ရံ ဖိုးရွှေလမင်းကြီးက သူ့ဝတ်ရုံဝါ၀ါကြီးကို မြို့ကလေး ပေါ်ဖြန့်ကျက်ထားတဲ့ ညတွေမှာဆို ကာရံမညီကဗျာတွေ သဲစဉ်မဲ့တေးသွားတွေရဲ့ အလိုက်ကိုရှာရင်း မိုးလင်း ခဲ့တဲ့ အိပ်ပျက်ညတွေများပြီပေါ့ ဟာ..... ဒီလို ငါ့ခံစားချက်တွေကို အမြဲအလိုက်တသိ နားလည်ပေးတတ်တဲ့ (ပေးခဲ့တဲ့)မြို့ကလေးရေ “တွေ့ကြုံဆုံကွဲ” ဖြစ်မြဲဓမ္မတာမို့ မင်းနဲ့ငါမခွဲခွာချင်ပေမဲ့လည်း ကံကြမ္မာစေရာ အတိုင်း ခွဲခွါရအုံးမယ်နော် နှုတ်ဆက်ခဲ့တယ် မြို့ ကလေးရေ နင်နဲ့ ငါ ပြန်ဆုံမဲ့ နေ့ကို ရင်ခုန်စွာနဲ့ ငါမျှော်လင့် စောင့်စားရင်းငါ့ရဲ့ ယုံကြည်ချက်ဆိုတဲ့တာဝန်ကိုထမ်းဆောင်ဖို့ ငါသိပ်ချစ်တဲ့မြို့ကလေးရေ ခဏတော့နှုတ်ဆက် ခဲ့ပါရစေနော် ......
မြို့ကလေးရေ ငါဟာဘာရမယ်မှန်း မသိသေးတဲ့  ကံကြမ္မာနဲ့အတူ ငါ့ရဲ့အတ္တတွေ မာနတွေကို ဂူသွင်း ပြီး ပြင်းပြတဲ့ စိတ်ဆန္ဖတွေ ယုံကြည်ချက်တွေ အပြည့်တင်ဆောင်ထားတဲ့  ဘ၀ရတားကြီးကိုစီးနင်းရင်း မိုင် ထောင် ချီဝေးတဲ့  မြို့ကြီးတစ်မြို့ဆီကို ခံစားချက်၊ နာကြည်းချက်တွေနဲ့ခရီးကို အပြင်းနှင်ခဲ့တယ်လေ ဒါပေမဲ့ မြို့ကလေးရေ .....ငါက နှစ်ကောင်ကြွေးထားရတဲ့ လူဆိုတော့ မဖြစ်ဖြစ်တဲ့ နည်းနဲ့ “ကင်း”ရဖို့ကိုတော့ကြိုးစား ရမှာပဲ၊ သေချာပါတယ် မြို့ကလေးရေ ငါဟာ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးတတ်တဲ့ လူစားပါ.....
မြို့ကလေးရေ မြို့ကြီးပြကြီးတွေရဲ့  ကြိုဆိုမှုကတော့ ခမ်းနားတဲ့အဆောက်အဦးကြီးတွေ၊ ခေတ်မှီ အားကစားကွင်းတွေ၊ ရှုပ်ထွေးနေတဲ့ ကားလမ်းမကြီးတွေ ဘယ်နေရာမှာကြည့်ကြည့် မိုးထိလုအောင် မြင့်မားနေ တဲ့တိုက်တန်းကြီးတွေက လှိုက်လှဲစွာကြိုဆိုခဲ့ကြပါတယ်ဟာ၊ ကွန်ပြူတာသင်တန်းတွေ၊ စကားပြောသင်တန်း တွေတက်ရင်း တဖက်တလမ်းကနေ ၀င်ငွေရှာပြီး အလုပ်လုပ်နေကြတဲ့ နယ်ကလူငယ်လေးတွေရဲ့ ဘ၀ဟာ အတုယူအားကျဖို့ကောင်းသလို တစ်ခါတစ်လေတော့လည်း အရမ်းစိတ်ပျက်ဖို့ကောင်းတယ်ဟာ၊ မီးမလာ၊ ရေမချိုးရနဲ့  အခန်းကျဉ်းကျဉ်းလေးထဲမှာ စုနေရပြီး လွတ်လပ်မှုသိပ်မရှိဘူးဟ၊ တစ်ခါတစ်ရံမှာ စက်ရုံကထွက် တဲ့ မီးခိုးလုံးကြီးတွေ၊ ဈေးထဲကအနံ့အသက်တွေ၊ ကားပေါင်းမြောက်များစွာရဲ့  အခိုးအငွေ့တွေနဲ့မွန်းကြပ် ပိတ် လှောင်နေတဲ့ လေပူပူတွေကို ရှူရှိုက်ရတိုင်း နင့်ဆီကိုပြန်ပြေးခဲ့ချင်တဲ့ငါ့ရဲ့စိတ်တွေကို ထိန်းချုပ်ပြီး ငါ့ဘ၀အတွက် ပဲ လေဆိုတဲ့  ခံယူချက်နဲ့  အသက်ဆက်ခဲ့ ရသူပါ။
မြို့ကလေးရေ .......ဟိုးအရင်တုန်းက မင်းနဲ့ ငါ့ရဲ့အဖြစ်ဟာ အတိတ်မှာခပ်ရေးရေး ကျန်နေခဲ့ပေမဲ့  အခုအချိန်မှာတော့ အလွမ်းတွေအဖြစ် ထွေးပိုက်ထားနေဆဲပါ မြို့ကလေးရေ......နေ၀င်ချိန်မှာ မြို့ကလေး ရဲ့လတ်ဆတ်တဲ့ လေနုအေးကိုရှူရှိုက်ပြီး သူငယ်ချင်းတွေနဲ့ အတူမြို့ကလေးရဲ့ နေရာအနှံ့  စက်ဘီးလျှောက်စီး ခဲ့ကြတာကိုတွေးမိတိုင်း သတိရမိ လွမ်းမိတယ်ဟာ။ မြို့ကလေးရဲ့လေနုအေးကို တစ်ဝကြီးရှူရှိုက်လိုက်ချင်ပါရဲ့။
ကောင်းကင်ပြာပြာ တိမ်စိုင်ဖွေးဖွေး တောင်ကျချောင်းရေ ခပ်အေးအေးနဲ့  မြို့ကလေးရဲ့ နေ၀င်ချိန်အလှကို တမ်းတမိပြန်ပါရဲ့လေ ဒါပေမဲ မြို့ကလေးရေ ရောက်တဲ့အရပ် မှာပျော်အောင်နေတတ်တာကိုက အရည်အချင်း တစ်ရပ်ပဲတဲ့ သိတယ်မဟုတ်လား ပျင်းတယ်ဆိုတာတော့ ငါ့မှာမရှိပါဘူး။ မြို့ပြရဲ့ခါးသီးမှုဒါဏ်တွေကို ကြိတ်မှိတ် ခံပြီး တစ်ခါတစ်ရံ စိတ်ဓါတ်ကျတတ်တဲ့ငါ့ကို စာအုပ်ကောင်းတွေက ကုစားပေးခဲ့ကြတယ်လေ...မြို့ပြကပေး လိုက်တဲ့ ဗဟုသုတအတွေ့အကြုံပညာတွေနဲ့ ငါ့ရဲ့မြို့ကလေးကို ပြန်ပြီးအကျိုးပြုနိုင်ဖို့ဆိုတဲ့စိတ်ဓါတ်နဲ့ရပ်တည် မှုတစ်ခုရဖို့အတွက်သာ မြို့ပြမှာ ခက်အခဲတွေကြားထဲက ရိုးသားကြိုးစားပြီး ဖြစ်သလိုနေခဲ့တယ် ဆိုတာ မင်း လည်းသိမှာပါ။ ပညာတွေစုံဗဟုသုတပေါင်းစုံနဲ့ လူတွေရဲ့အကြောင်းကိုလည်း ကြေညက်သလောက်ရှိနေပါပြီ။
မြို့ကလေးရေ.....မကြာခင်ရက်ပိုင်းအတွင်းမှာ နင့်ဆီကို ငါပြန်လာရတော့မယ်ဆိုတာ နင်ရုတ်တရက် ၀မ်းသာသွားအောင်လို့ ငါကြိုပြောမထားချင်ဘူးဟာ....နင်နဲ့တွေ့တော့မှဘဲ ငါ့ရဲ့အတွေအကြုံအခက်အခဲတွေ ကို ရင်ဖွင့်ချင်ပါသေးရဲ့ မြို့ကလေးရေ လွတ်လပ်ပျော်ရွှင်ခြင်းတွေ ရင်မှာပွေ့ပြီးမြို့ကလေးဆီ ငါပြန်လာခဲ့ပြီ လေ၊ မြို့ကလေးကိုရောက်ခါနီးလေ ငါ့ရင်ခုန်နှုန်းတွေက ပိုလို့မြန်လာလေပါပဲ မြို့ကလေးကရော အရင်လိုပဲ လား၊ ဘာတွေပြောင်းလဲသွားပြီလဲလို့ တွေးရင်းအရမ်းသိချင် ရောက်ချင်လာပြီဟာ...“လောင်းရှည်မြို့မှ လှိုက် လှဲစွာ ကြိုဆိုပါ၏”တဲ့... မြို့ကလေးရဲ့ မပြောင်းလဲသော နွေးထွေးတဲ့ ကြိုဆိုမှုကိုတွေ့ လိုက်ရတော့ ငါ့ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာမိတယ်ဟာ မြို့ကလေးမပြောင်းလဲတဲ့  မေတ္တာနဲ့ငါ့ကိုထာဝရကြိုဆို နေဆဲပဲနော် မြို့ကလေးက လူတွေကရော ကြိုကြမှာလား ၊ ငါ သိပ်သိချင်နေပြီ နှစ်အတော်ကြာခွဲခွါခဲ့ တဲ့  ဇာတိမြို့ကလေး ဟာ အဆောက်အဦးတွေ တိုးတက်ပြောင်းလဲလာတာကလွဲပြီး အရင်လိုဘဲ သာမောဖွယ်ရာ ရှိနေသေးပြန်ပါရဲ့
မြို့ကလေးရေ.... အခုတော့ငါ့ ဆန္ဖတွေပြည့်ဝခဲ့ပါပြီ၊ ငါ့ရဲ့ ဇာတိမြို့ကလေး အကြောင်းကို ဘောင်ထဲက အရုပ်တွေကနေတဆင့် ပြောပြခွင့်ရတော့မယ်။ (စက္ကူ) စာရွက်ဖြူဖြူလေးတွေပေါ်က စကားစုလေးတွေကနေ လည်း ပြောပြခွင့်ရတော့မယ်လေ။ ငါ့ရဲ့ထာဝရအဖော်ကောင်း မြို့ကလေးအကြောင်းကိုပေါ့ ။ ငါတတ်ထားတဲ့  ပညာတွေကို လူထုကိုဖြန့်ဝေပြီး လူသားအားလုံး ဒုစရိုက်ကင်း ဥပဒေတွင်းကနေ လှုပ်ရှားနေနိုင်ဖို့ကိုပေါ့ ။ လူသားအားလုံးအမှားနဲ့ အများဆုံးကင်းအောင် နေထိုင်လှုပ်ရှားနိုင်ဖို့  အမှောင်ထဲ ကအလုပ်တွေကို တိုက်ဖျက် ပြီး အလင်းတွေ ထွန်းညှိပေးဖို့  (အမှားလုပ်တဲ့ လူတစ်ချို့ )ငါပြန်လာခဲ့ပြီမြို့ကလေးရေ....။ အားလပ်တဲ့ အချိန် တွေမှာတော့ ငါ့ရဲ့သူငယ်ချင်းကောင်း မြို့ကလေးအကြောင်းကို အားလုံးသိအောင် ပန်းချီကားတွေ စာအုပ်တွေ နဲ့  ပြောချင်ရေးချင်ပါရဲ့  မြို့ကလေးကရော ကျေနပ်စွာခွင့်ပြုမှာပါနော်........
မြို့ကလေးရေ “ဟန်ဆောင်သောမိတ်ဆွေသည်ရန်သူထက်ဆိုးသတဲ့” မင်းနဲ့ငါ ဘာမဆို ပွင့်ပွင့်လင်း လင်း သူငယ်ချင်းအရင်းကြီးတွေမို့  တစ်သက်တာ ထာဝရ လက်တွဲမဖြုတ်နှုတ်မဆက်ကြေး.......ဘယ်တော့မှ နှုတ်မဆက်ကြေး Never Say Goodbye မြို့ကလေးရေ.............
ကျွန်မရဲ့ “ယော” နဲ့  လူတစ်ချို့ ကြားမှာ လွဲမှားနေတဲ့  သံသယစိတ်တွေကို ချေဖျက်ပြီး ရိုးသားဖြူစင်တဲ့ ယောကို အမှန်အတိုင်း ရှု မြင်သုံးသပ်ကြမယ်ဆိုရင် ကျွန်မဟာ “ယော”နဲ့ လူတစ်ချို့ ရဲ့ ကြားက အနင်းခံတံတား တစ်စင်း ဖြစ်ရကျိုးနပ်ပါတယ် ။ကျွန်မရဲ့  ယော အတွက်ဆို လူတွေ ဘယ်လိုနင်းနင်း တံတားတစ်စင်း အဖြစ်
ဝပ်စင်းပြီး ဘ၀နဲ့ ရင်း ခင်းပေးလိုက်ချင်တယ် ယော အတွက်ဆို တံတားဖြူ လေးတစ်စင်း ထာဝရ
ခင်းနေမယ့် ....... ယောဖြူ