Wednesday, January 21, 2009

ကျွန်တော်နှင့် 2009

တစ်စက္ကန့်ကနေ နောက်တစ်စက္ကန့်၊ တစ်မိနစ်ကနေ နောက်တစ်မိနစ်၊ တစ်နာရီကနေ နောက်တစ်နာရီ၊ တစ်လကနေ နောက်တစ်လ၊ အချိန်တိုင်း စက္ကန့်တိုင်း ပြောင်းလဲနေတာကို ငါသတိထားမိရဲ့လား။ နှစ်တစ်နှစ်ကနေ နောက်တစ်နှစ်ကို ပြောင်းမှပဲ ပြောင်းလဲခြင်း၊ အိုမင်းရင့်ရော်ခြင်း ပိုကြီးရင့်လာခြင်း၊ အဲဒါတွေကို အသိအမှတ်ပြုရမှာလား ... ဒါမှမဟုတ် ငါဘယ်လောက်ပိုသိလာသလဲ ... ဘာတွေကိုပိုတိုး တက်အောင်လုပ်လာနိုင်သလဲ .... အပေါ်ယံပကာသန တိုးတက်မှုလား၊ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုလား ၊ လုပ်ငန်းတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်လာနိုင်ခြင်းလား၊ ဒါမှမဟုတ် သည်းခံစိတ် ပိုမိုမွေးမြူ လာနိုင်ခြင်းလား၊ ရုပ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုလား၊ စိတ်ပိုင်း ဆိုင်ရာရင့်ကျက်မှုလား၊ သေခြင်းတရားနဲ့ တဖြည်းဖြည်းနီးလာတာလား၊ အပါယ်တံခါး ပိတ်ဖို့အတွက် ပိုနီးစပ်လာတာလား၊ ကိုယ့်ကိုယ်ကိုအတွက် ဘာမှမလုပ်နိုင်သေးရင်တောင် ကိုယ့်ပတ်ဝန်းကျင်အတွက် တတ်စွမ်းသမျှ ဘာလုပ်ပေးခဲ့တာရှိလဲ၊ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို အဲဒီလူ ပရဟိတ ဘယ်လောက်လုပ်သလဲ ဆိုတာနဲ့ တိုင်းတာတယ်တဲ့ ။ ငါကရော ဘာတွေဘယ်လိုလုပ်ပြီးပြီလဲ ပရဟိတဆိုတာ နာဂစ်ဖြစ်တဲ့ဒေသကိုဆင်းပြီး သွားလှူနေမှ မဟုတ်ပါဘူး။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို စောင့်ရှောက် ကြည့်ရှုတာဟာလည်း ပရဟိတပါပဲ။ လုပ်အားနဲ့ပဲဖြစ်ဖြစ် ငွေအားနဲ့ပဲဖြစ်ဖြစ် ကာယ၊ ဥာဏ ဘာတွေနဲ့ လုပ်ပေးခဲ့ဖူးပါလိမ့် ... ဒီအချိန် သေသွားရင်ကိုယ်ပြုခဲ့တဲ့ ကုသိုလ်တွေကို နှလုံးသွင်းနိုင်တဲ့ အနေအထားရော ရောက်ပြီလား ... မသေချာဘူး ထင်တယ်။ ကဗ္ဗည်းထိုးရလောက်အောင် မဟုတ်ပေမယ့် ကိုယ့်စိတ်ထဲမှာ အချိန်အခါ နေရာ ဒေသမရွေး နှလုံးသွင်းနိုင်တဲ့ ကုသိုလ်ကောင်းမှုတစ်ခုခုတော့ ရှိသင့်တယ်။ တစ်နှစ်ကနေနောက်တစ်နှစ်ကို ပြောင်းသွားလို့ ကိုယ့်ကိုယ်ကို ဒီလိုပြန်တွေးကြည့်နေတာလား ဆိုတော့မဟုတ်ပါဘူး။ ညတိုင်းမဟုတ်ပေမယ့် ရံဖန်ရံခါ တွေးမိပါတယ်။ မောပန်းလို့ အရမ်းအိပ်ချင်နေတဲ့ ညမျိုးကလွဲရင်ပေါ့။ တစ်နှစ်လုံးစာခြုံပြီးတွေးလည်း ဒီအတွေးပါပဲ တစ်နေ့စာတွေးလည်း ဒီအတွေးမျိုးပဲ။

နှစ်ဟောင်းကနေ နှစ်သစ်ပြောင်းတဲ့နေ့ပေမယ့် ကျွန်တော့် အတွက်တော့ သမားရိုးကျနေ့လေးတစ်နေ့ပါပဲ။ ကျွန်တော်ကိုယ်တိုင်ကပဲ အပြောင်းအလဲအပေါ်လိုက်ပြီး မတွေး တတ်တာလား။ ဒါမှမဟုတ် သမားရိုးကျ နေထိုင်မှုမှာပဲ အသားကျချင်နေတာလား။ ပြောင်းလဲမှုတွေပေါ်လိုက်ပြီး ကျွန်တော်မပျော်ရွှင်တတ်ဘူး။ ပုံမှန် လည်ပတ်နေကျ လမ်းကြောင်းတစ်ခုလိုပဲ New Year ဆိုတဲ့ပွဲမှာ စိတ်သစ်လူသစ်ဖြစ်မနေဘူး။ တစ်နှစ်မှာ ၁၂ လရှိတဲ့အထဲမှာ တစ်လမှပျော်ပွဲရွှင်ပွဲနဲ့ လွတ်တဲ့လမရှိဘူး။ ဒါတောင် သူများနိုင်ငံက ယဉ်ကျေးမှုလို့သတ်မှတ်တဲ့ New Year ကိုပွဲလုပ်လိုက်သေးတယ် ဆိုပြီးပြောလို့ သူငယ်ချင်းတွေနဲ့ စကားများရပါသေးတယ်။ ကျွန်တော်ကအဲလို ဇောက်ထိုးဖြစ်နေတဲ့ အတွေးတွေနဲ့လူပါ။ အရာရာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတတ်တာလား မသိပါဘူး သေချာတာ တစ်ခုကတော့ ကျွန်တော်ဟာ စစ်မှန်တဲ့ပျော်ရွှင်မှုကို လိုလားတတ်သူတစ်ဦးပါ။ စစ်မှန်တဲ့ပျော်ရွင်မှုဆိုတာကလည်း မိမိခန္ဒာထဲမှာပဲရနိုင်တဲ့ အရာဆိုတော့ နေ့စဉ် နေ့တိုင်း မိနစ်စက္ကန့်တိုင်း သတိနဲ့စိတ်ကို စောင့်ကြည့်နေသင့်ပါတယ်။ တဖြည်းဖြည်းနဲ့ ပါရမီဆိုတာဖြစ်လာအောင် ဘ၀ဆက်တိုင်း လေ့ကျင့်မှုယူနေရတဲ့ အရာဆိုတော့ တခဏလေးနဲ့တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒါတွေကြောင့်ပဲ ကျွန်တော့်အတွေးတွေ၊ စိတ်တွေက အပြောင်းအလဲတစ်ခုအပေါ် မူတည်ပြီး ပြောင်းလဲမနေတတ်တာလား။ ဘာဘဲဖြစ်ဖြစ်ပါ 2008 ကနေ 2009 ကိုပြောင်းမယ့် နေ့လေးတစ်နေ့မှာ ကျွန်တော်တွေးမိတဲ့ အတွေးလေးတွေကို ဆွဲထုတ်လိုက်ခြင်းပါ။ လူတိုင်း လူတိုင်း ကိုယ်ပိုင်အမြင်နဲ့တွေးခေါ်ယူဆချက်တေ၊ွ စံသတ်မှတ်ချက်တွေ၊ စည်းကမ်းတွေ၊ ဓလေ့ထုံးစံတေ၊ွ အစဉ်အလာတွေ၊ ဆန်းသစ်မှုတွေ အားလုံးပါဝင်တဲ့ ကိုယ်ပိုင် ဘ၀လေးတစ်ခုစီတော့ ရှိကြမှာပါပဲ။ ကိုယ့်အတွေး သူ့အတွေး မျှဝေခံစားရင်း ဘ၀ခရီးကို ရဲဝံ့စွာလျှောက်လှမ်းကြတာပေါ့။ 2009 ဆိုတဲ့ နှစ်သစ်အပေါ်မှာ သာမာန်ထက်ပိုတဲ့ တွေးခေါ်မျှော်မြင်မှုတွေ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေလို့ ......

Thursday, September 4, 2008

ရင်ထဲကသံစဉ် တစ်ဝက်တစ်ပျက်


မေ့သမီးရဲ့ ရင်ခုန်သံတွေ ဆိတ်သုဉ်းခဲ့တာ၊ ကြောက်ရွံ့စွာ တိုးတိတ် နေတာ ကြာခဲ့ပြီလို့ ပြောရမယ်။ "သူ" ဆိုသော တစ်ယောက်က မချစ်ဖူး သေးတဲ့ မေ့သမီးကို ချစ်တတ်လာအောင် ဆရာလုပ်ပြီး မုန်း တတ်အောင်တော့ သင်မပေးခဲ့ဘူး။ သူကတော့ အချစ် သင်ခန်း စာကို အချိန်ပိုင်းနဲ့ notes တွေထုတ်ပြီး သင်ပေးခဲ့တာပါ။ မေ့သမီး ကတော့ အချစ်ဆိုတာရဲ့ နောက်ကွယ်က အရာအားလုံး၊ အားလုံးကို နားလည်သဘောပေါက် ခဲ့ရတယ်။ သူ့ကြောင့် အပျော်ရွှင်ဆုံးလို့ ထင်ခဲ့ရတဲ့ အတိတ်တွေကို ပိုင်ဆိုင်ခဲ့တယ်။ ဖျောက်မရတော့တဲ့ ဒဏ်ရာတွေကို နှလုံးသားမှာ အမာရွတ်ကျန်စေခဲ့တယ်။သူ့ကြောင့် လူတွေပြောပြောနေတဲ့ အလွမ်းတွေ၊ အသည်းကွဲတာတွေ ကို မလှောင် ပြောင်နိုင်တော့ပဲ ကိုယ်ချင်း စာတတ်ခဲ့တယ်။ သိမ်ငယ်နာ ကြည်းချက် တွေနဲ့အတူ မျက်ရည်ကျ ခဲ့သလို သူ့ရဲ့ကြင်နာယုယမှု တွေကြောင့် အောက်ခြေလွတ်အောင် ဘဝင်ခိုက်ခဲ့တယ်။ အို.. မေ့သမီးကတော့သူနဲ့ ပတ်သက်ပြီး အရမ်းနက်ရှိုင်းစွာ ချစ်တတ်ခဲ့ တဲ့၊ အချစ်သင်ခန်းစာကို ထုံးလိုချေ ရေလိုနှောက်အောင် ကျွမ်းကျင် တတ်မြောက်သွားတဲ့ အချစ်ဘဂေးလို့ ကိုယ့်ကိုကိုယ်ထင် မိအောင် ပါပဲ။ ခုဆို သူနဲ့ဝေးကွာခဲ့တာ နှစ်ချီကြာခဲ့ပြီလေ။ သူ့ကို သတိရ တမ်းတ စိတ်တွေလည်း အနည် ထိုင်နေပါပြီ။ ဒါပေမဲ့လေ မေ့သမီး အတွက်တော့ "သူ" ဆိုတာ နှလုံး သားရဲ့ အနက်ရှိုင်းဆုံး နေရာမှာ သော့ခတ် သိမ်းဆည်းထားတဲ့ အမှတ်တရ တစ်ခုအဖြစ် ရှိနေ ပါတယ် .............

Wednesday, August 6, 2008

ဆုံမှတ်မရှိတဲ့ ချစ်ခြင်း


အတိတ်ရဲ့ နေ့ရက်တိုင်းမှာလည်း

နင်ကငါ့ဘေးနားမှာအမြဲ
လက်ရှိအနေအထားမှာလည်း
အဝေးကနေ နင်အားပေးနေမြဲ
တစ်ယောက်က တစ်ယောက်စီနဲ့
စိတ်ထွက်ပေါက်ရှာခဲ့ကြပေမဲ့
နင်နဲ့ငါ့လောက်
နားမလည်ခဲ့ကြတော့
မာနတွေနဲ့လွဲခဲ့ကြတယ်
ငါ့အတွက်တော့
နင့်ထက်တော်တဲ့လူတောင်
နင့်လောက်မတော်ဘူး
ငါ့အနာဂါတ်စိတ်ကူးကိုလည်း
နင်အားလုံးသိနေတယ်
နင့်ရည်မှန်းချက်တွေထဲမှာလည်း
ငါ့အနာဂါတ်တွေပါနေတယ်
ပြောပြစရာမလိုအောင်
ငါ့ဘ၀တစ်ခုလုံးကို နင်နားလည်နေပေမဲ့
နင်နဲ့ငါဟာ ဘယ်တော့မှမနီးနိုင်တဲ့
"သူငယ်ချင်း"ဆိုတဲ့စည်းတွေနဲ့
ချည်နှောင်ခံထားရတော့လည်း
အဲဒီစည်းတွေကိုဖောက်ပြီး
ချစ်သူဘ၀ရောက်ခဲ့ရင်တောင်
အရင်နေရာလေးပျောက်မှာကို
ငါအရမ်းကြောက်မိလို့ပါ
နောက်တစ်ယောက်ဆိုတာရှိခဲ့ရင်တောင်
နင့်လောက်ဘယ်သူမှ မကောင်းနိုင်ဘူး
ဒါကြောင့်
သူငယ်ချင်းရယ်
နားလည်မှုလေးတွေနဲ့ပဲ
နင်နဲ့ငါ လွဲနေရအုံးမယ်၊

Friday, July 25, 2008

ကဗျာကို ချစ်တတ်လာခြင်း


ငယ်ငယ်တုန်းက ကျောင်းခန်းထဲမှာ ရှေ့ ဆုံးခုံတန်းမှာနေရမှ ကြိုက်တယ်။ ခုနှစ်တန်းနှစ်ရောက်တော့ ဆရာမ
ကနောက်ဆုံးခုံတန်းကို ပို့လိုက်တယ်။ မနေချင်တဲ့နေရာမှာ နေခဲ့ရတော့ သိပ်မကျေနပ်ဘူး။ နောက်မှာနေရင် ဆရာမနဲ့ ဝေးတော့ စာကိုဂရုမစိုက်လို့ဆိုပြီး စာညံ့တဲ့လူတွေကို ရှေ့ မှာထားတယ်။ အဲဒီနှစ်မှာပဲ ကျွန်တော် နောက်ဆုံး ခုံမှာ ထိုင်ရခြင်းရဲ့ အရသာကို ကြိုက်သွားခဲ့တယ်။ စာသင်တာကို နားမထောင်ပဲ ငေးနေတာတွေ တွေးနေတာတွေ များလာခဲ့တယ်။ မုန့်ခိုးစားတာတို့ ကျောင်းလစ်တာတို့လိုမျိုး အကျင့်တွေကိုပါ မလိုချင်ပါပဲ ရလာခဲ့တယ်လေ။ ကဗျာဆိုတဲ့ အရာတစ်ခုကို ရေးတတ်လာခြင်းက အဆိုးဆုံးပဲ ။ပန်းချီဆွဲလိုက် ကဗျာရေး လိုက်နဲ့ အဲလိုနဲ့  မသိမသာနေရာယူလာခဲ့ကြတာက စာပေပဲ။ ကဗျာရေးလိုက် စာဖတ်လိုက်နဲ့ ကျောင်းစာဘက် မှာအားနည်းခဲ့တယ်။ ဒါပေမယ့်လုံးဝတော့မဟုတ်ပါဘူး။ တစ်နှစ်တစ်တန်းအောင်လာခဲ့တယ်။ အရမ်းထူးချွန်မှု တွေနဲ့တော့မဟုတ်ဖူးပေါ့။ ဒါ ငယ်ငယ်က စာသင်ခန်းထဲမှာ နောက်ဆုံးခုံမှာ ထိုင်ခဲ့ရခြင်းက ငုတ်နေတဲ့စိတ်ကူး တွေကို ဖော်ထုတ်ပေးလိုက်တာလား သေချာမသိပေမယ့် စာရူးတစ်ယောက်တော့ ဖြစ်လာခဲ့တယ်။ ညဘက် မအိပ်ဘူး ကဗျာတွေ ခိုးရေးတယ်။အိပ်ပျက်ညတွေကို ကြိုက်တတ်လာတယ်။ တစ်ယောက်တည်းနေရတာကို ပိုကြိုက်လာတယ်။ ကိုယ်လူတွေနဲ့ ဝေးမှန်းမသိဝေးဝေးသွားတယ်။ ဒါပေမယ့် နီးလာခဲ့တယ်လို့လဲပြောလို့ ရပါတယ်။ လူချင်းမနီးပေမယ့် လူ့စိတ်လူ့အထာတွေကို နားလည်တတ်စ ပြုလာခဲ့တယ်။ ကျောင်းသင်ခန်းစာ ထဲမှာ မသင်ရတဲ့ လောကကြီးအကြောင်းကို စိတ်ဝင်တစားနဲ့ သိချင်လာတယ်။ စာအုပ်တွေထဲမှာ ရှာကြည့် နေတယ်။ စာကပေးတဲ့ ရင့်ကျက်မှုက လက်တွေ့မှာလည်း အသုံးတည့်တယ်လို့ ပြောလို့ရပါတယ်။ စာပေက ပေးတဲ့အသိက ဘ၀ကို ရင်ဆိုင်ဖြတ်သန်းဖို့ အားတွေပြည့်ဝလာစေနိုင်တယ်။ ခံနိုင်ရည်ရှိလာတယ်လေ။ ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်တယ် စာဖတ်ချင်တဲ့စိတ်၊ စာပေချစ်စိတ်လေးရအောင် လေ့ကျင့်ပေးလိုက်တဲ့ အတွေး လေးကိုပေါ့။ တစ်သက်လုံးပျော်ချင် သစ်ပင်စိုက်လို့ဆိုရိုးရှိပေမယ့် အမှတ်မထင် သဘာဝဘေးအန္တာရာယ်နဲ့ ကြုံလာရတဲ့အခါ အဲဒီပျော်ရွှင်မှုတွေက ပါသွားတတ်တယ်။ စာပေကတော့ ဘာတွေတိုက်စားတိုက်စား မရဘူး လေ။ ဖတ်ထားတဲ့ အသိဥာဏ်တွေက အမြဲကျန်နေခဲ့မယ်၊ စာအုပ်တွေကိုပဲ ဖျောက်လို့ရမယ်၊ သိနေတဲ့ အမှန် တရားတွေကိုတော့ မေ့ပျောက်ခိုင်းလို့မှ မရတာဆိုတော့။အင်း ... စာအုပ်တွေနဲ့အချိန်ကုန်ရခြင်းက ကျန်တာ တွေ နဲ့ အချိန်ကုန်တာ ထက်စာရင် ကောင်းပါတယ်လေ။
P.S မအားတော့ဘူး နောက်မှဆက်ဖောမယ်။

Thursday, July 24, 2008

နေ၀င်ချိန်အတွေး

တစ်နေ့တစ်နေ့ နေ၀င်ချိန်တွေရောက်တိုင်း တွေးကြည့်မိတယ်။ ဘ၀ရဲ့နေ၀င်ချိန်ကရော ဘယ်တော့ရောက်လာ
မလဲရယ်လို့။ ကိုယ့်ဘာသာသုံးသပ်ကြည့်တယ် တစ်နေ့တာ ဘာတွေလုပ်ဖြစ်လဲလို့။ မှန်မှန်လိုင်းပေါ်တက်တယ်။
ပျင်းရင်ပြန်ဆင်းလာတယ်။အားရင်ဖိုရမ်တွေထဲ ၀င်ဝင်ကလိတယ်။ ပြီးရင် ဘလော့ကိုရေးချင်လာရင်ရေးတယ်။
အလုပ်ရှိရင်လုပ်လိုက်တယ်။ပြီးရင်ရုံးဆင်း။ မနက်မိုးလင်းရုံးလာ လက်ဖက်ရည်ဆိုင်ထိုင် ညနေရုံးဆင်းရင်မုန့်တီ
ဆိုင်ကိုသွား။ခုတလောတော့မိုးရွာလို့ဆိုင်တွေကမဖွင့်ဘူး။ဟူးးးးးးးးးး နဖူးပေါ်လက်တင်လို့ရတဲ့အချိန်မှာသေချာ
တွေးကြည့်မိတော့ တစ်နေ့တာအတွက် ငါဘာတွေလုပ်ပြီးပြီလဲ။ ဘာတွေတိုးတက်လာလဲ။အကြွေးစာရင်းတွေ လား။တစ်နေ့ထက်တစ်နေ့ လူမှုရေးတွေ များများလာခဲ့။ဇာတ်လမ်းတွဲတွေကြည့်လိုက် ဘောလုံးပွဲတွေထိုင်ကြည့်လိုက်နဲ့ အချိန်တွေကုန်ကုန်လာတယ်။ ဒါမဲ့ မိဝေးဖဝေးဆွေမျိုးတွေနဲ့ဝေးတဲ့နေရာမှာ (နိုင်ငံရပ်ခြားတော့ မဟုတ်ဘူး) နေရတော့ ဒါတွေကပဲ အပျင်းပြေလုပ်ရင်းကနေ ရင့်လာတဲ့အနေအထားကို ရောက်လာပြီလို့ထင် မိတယ်။ဒါကြောင့် ဘာလုပ်သင့်လဲ ဘာလုပ်ရမလဲ ။ လစာလေးထုတ်လိုက် ကုန်လိုက် မနည်းချာလည်လိုက်နေ ရတဲ့ဘ၀မှာ အသားကျနေပေမဲ့  ကြာတော့ ညည်းငွေ့လာပြီ။ဘယ်လိုနည်းမျိုးနဲ့ ရုန်းထွက်ချင်နေတာလဲတော့ မသိဘူး။ အဝေးဆုံးကို သာပြေးလိုက်ချင်တယ် ပုံမှန်လည်ပတ်မှုတွေနဲ့ ဝေးတဲ့နေရာတစ်ခုခုဆီကိုပေါ့။ အရမ်း ကြီးတိုးတက်ပြောင်းလဲချင်တာမဟုတ်ပေမဲ့  ဘ၀မှာသာမာန်နေထိုင်မှုမျိုးနဲ့ အချိန်ကုန်သွားရမယ်ဆိုရင်တော့ မကောင်းဘူးထင်တယ်။အေးအေးချမ်းချမ်းနေချင်တာနဲ့ ရောင့်ရဲတင်းတိမ်တာနဲ့က တူမယောင်နဲ့ မတူဘူး။ အင်း တစ်ခုခုတော့လုပ်သင့်နေတာ သိပေမဲ့ ဘာလုပ်ရမှန်းမသိတာက လူတစ်ယောက်ရဲ့ အကြီးမားဆုံးအားနည်း ချက်ပဲ။ မသိတာက ခက်တယ်နော်။ရှိပြီးသားလမ်းကြောင်းမှာ လျှောက်ရတာကလွယ်ပေမဲ့ လမ်းသစ်ကိုရှာ တွေ့ဖို့ကမလွယ်ဘူး။တွေ့ခဲ့ရင်တောင် လူပြတ်တဲ့လမ်းဆိုပြီး မသွားရဲပဲနေမှာလား။ တစ်ယောက်တည်းသွားရဲ အောင် လုပ်ရမှာပေါ့။ တစ်ယောက်တည်းနေတတ်တဲ့  အကျင့်ကကောင်းတယ်လို့ ငါထင်တယ်။ဒါကြောင့် တစ်ယောက်တည်းပဲ နေတော့မယ်။

တေလေ

အမေမရှိတော့တဲ့
ကျွန်တော့်ရဲ့ ဇာတိမြို့ ကလေးမှာ
ကျွန်တော်ဟာ အိုးနင်းခွက်နင်း
ဘယ်အရာကိုမှ ပီပြင်နိုင်နင်းခြင်းမရှိ
ရင်ထဲက ကသိကအောက်ဖြစ်မှုတွေကို
ညှိနှိုင်းရင်း..................
ဖုံးကွယ်ရင်း................
ဟန်ဆောင်ပြုံးတွေနဲ့
မိုးစုန်းစုန်းချုပ်ခဲ့ရတဲ့ရက်တွေက....များပြီ
ဆိုးဝါးတဲ့အသိဥာဏ်တွေနဲ့
ရိုးသားတဲ့ အဘိဓာန်ကို
ချေဖျက်ဖို့ကြိုးစားခဲ့တာအကြိမ်ကြိမ်
အမေမရှိတော့တဲ့အချိန်မှာပေါ့
ကျွန်တော်ဟာတေလေတစ်ကောင်အဖြစ်
ကျန်နေရစ်ခဲ့ပြီ
တေလေတစ်ကောင်အဖြစ်....
ကျန်နေရစ်ခဲ့ပြီ။

Wednesday, July 23, 2008

ကြိုဆိုပါ၏

အခုတလော ဘလော့ဘက်ကို ခြေလှမ်းမလှည့်ဖြစ်တာကြာပြီ။ ရေးမယ်လို့လုပ်လိုက်တိုင်း စကားလုံးတွေကမရှိ
တော့ပြန်ဘူး။လာလည်တဲ့သူတွေကို ဘာမှမပေးလိုက်နိုင်မှာစိုးတယ်။ တစ်ခုခုလေးတော့ ပေးချင်တယ်။ ပေး
လိုက်တဲ့အရာကလည်း အဲဒီလူအတွက် ကောင်းတာလေးပဲ ဖြစ်စေချင်တယ်။ ဒါကြောင့် ဘာမှမရေးပဲနေတာက
မှကောင်းမယ်ထင်ပြီး နားနေခဲ့တာပါ။ အွန်လိုင်းပေါ်တောင် သိပ်မတက်ဖြစ်ဘူး။ ကျန်းမာရေးကမကောင်းတော့
လူ့စိတ်ကလည်းမကောင်းနိုင်ဘူးလေ။ စိတ်ကူးကောင်းကောင်းတွေလည်း မထွက်လာတော့ဘူးပေါ့။ နောက်ပြီး
အခုတလော ဖိုရမ်တွေထဲ ၀င်ဝင်ကလိနေရတာကို ပိုကြိုက်လာလို့ ကိုယ့်ဘလော့ကို ပစ်ထားမိတယ်။ လာလည်
သူအားလုံးကိုကျေးဇူးတင်ပါတယ်။အကောင်းဆုံးတွေကိုပဲ အမြဲပေးဆပ်နိုင်အောင် ကြိုးစားနေပါတယ်။ နောက်
လဲလာလည်ကြဖို့နဲ့  အကောင်းအဆိုးဝေဖန်ပေးခဲ့ ကြဖို့ကို ကြိုဆိုပါတယ်။