Saturday, July 12, 2008

ခွင့်ပြုပါ

သင်္ကြန်အတက်နေ့
တိုက်ဆိုင်လွန်းတယ်
မထင်မှတ်ဘဲ
ဖြတ်သန်းလာခဲ့ရတဲ့နေရာက
နင် ၄နှစ်တာကျင်လည်ခဲ့တယ်ဆိုတဲ့
အသိနဲ့တင်
ငါ့ ရင်တွေခုန်လာတယ်
တစ်ခါတွဲလျှောက်ခဲ့ဖူးတာက
တသက်စာဖြစ်သွားခဲ့ပြီလား
အာကြီး အသင်းကိုကြိုက်တတ်တဲ့ နင့်ကို
ဘော့လုံးပွဲကြည့်တိုင်း သတိရတယ်
Keyboard ပေါ်မှာလက်ချောင်းတွေတင်ပြီး
စကားလုံးတွေကို ပထမဆုံး ဖန်တီးတတ်ခဲ့စဉ်က
ငါ ရိုက်မိတဲ့စာလုံးတွေက
နင့် နာမည်သုံးလုံးဖြစ်နေခဲ့တာပါပဲ
Express ကားတစ်စင်းနဲ့ အမည်နဲ့တူတဲ့
နင့်နာမည်ကို ငါဘယ်တော့မှ
မေ့မရသေးဘူး
အညာမြေတစ်နေရာမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိနဲ့တင်
ငါကျေနပ်နေပါပြီ
နင်ရေးပေးခဲ့ဖူးတဲ့
ကဗျာတွေထဲကလို
ကောင်မလေးကိုတွေ့ နေပြီလား
စံပါယ်ရနံ့တွေသင်းနေတဲ့
နင့်ကဗျာလေးတွေနဲ့
ခွဲခွါခဲ့ရတာလည်းကြာပြီ
အချိန်တွေကြာလာတာနဲ့အမျှ
ခံစားမှုတွေက ပြောင်းသွားမယ်လို့
နင်ထင်လား
အစားထိုးကြည့်တာတောင်မရတဲ့
ငါ့နှလုံးသားရဲ့  နက်ရှိုင်းမှုကို
၅ နှစ်တာ ပတ်သက်ခဲ့ဖူးတဲ့
သံယောဇဉ်နဲ့ တင်
နင်ပြန်လှည့်ကြည့်သင့်တယ်
ဖုန်းထဲကနေဂရုစိုက်ပြတတ်တဲ့
ငါ့ရဲ့  အိပ်မက်ကလေးရေ
နွေ မိုး ဆောင်း
ပြောင်းလဲပေမဲ့
အိပ်မက်တစ်ခုတည်းကိုပဲ
တစ်စိုက်မတ်မတ်မက်တတ်တဲ့
ငါ့ကို
နိုးထခွင့်ပြုပါတော့။

မှားယွင်းသွားသောသီအိုရီ

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်တဲ့
နယူတန်ရဲ့  "နိယာမ"
မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်တဲ့
ဗုဒ္ဓတရား
မင်းနဲ့တွေ့မှ
အားလုံးမှားပြီပေါ့
မျှော်လင့်ချက်တွေ ပေးပေးပြီး
ဝေးခဲ့ရတဲ့ အဖြစ်
ဘကြီးအောင်လို ညာရက်ခဲ့တယ်။

ရင်ဖွင့်ဖော်

မွန်းကြပ်လွန်းပြီ
ဒါဏ်ရာတွေကများလွန်းပြီ
ကံကြမ္မာရဲ့ ရိုက်ပုတ်မှုတွေက
လွန်လွန်းပြီ
လောကဓံတဲ့ 
သွေးစိမ်းရှင်ရှင်ကျအောင်
ငါ ခံစားခဲ့ဖူးပြီ
ပတ်ဝန်းကျင်မှာ
မျက်နှာငယ်နဲ့ နေခဲ့ရတဲ့ဘ၀က
အချိန်ကြာလွန်းပြီ
ဘယ်တော့မှလွတ်မြောက်မှာတဲ့လဲ
နေ့နေ့ညည
ဒုက္ခတွေက နှိပ်စက်နိုင်လွန်းတယ်
ရင်ဖွင့်ဖော်ရယ်.....
သွေးဆုတ်ဖြူရော်နေတဲ့
ငါ့ရဲ့ စိတ်ဝိညာဉ်တွေကို
ဘယ်လိုနွေးထွေးမှုမျိုးနဲ့
နှစ်သိမ့်စေမှာလဲ
အဝေးကနေ
တစ်ယောက်ကိုတစ်ယောက်က
နွေးထွေးစေကြမယ်လေတဲ့
ဒါပေမဲ့.........
မင်းမရှိတဲ့ မနက်ဖြန်တိုင်းအတွက်
ပစ္စုပ္ပန်ကိုချန်လှပ်ပြီး
အနာဂါတ်ကို......
ငါဘယ်လိုနှလုံးသားမျိုးနဲ့
ရပ်တည်ပြီး
မောင်းနှင်သွားနိုင်မှာတဲ့လဲ။

Thursday, June 5, 2008

ရင်ကွဲတေး

မူမမှန်သေးတဲ့ ငါ့ရဲ့ရင်ခုန်သံတိုင်းမှာ
မင်းရဲ့အသည်းခွဲ တေးသံတွေပါတယ်
မင်းနဲ့ငါရဲ့အဖြစ်
မင်းကချန်ရစ်ခဲ့မှတော့
ငါ့အတွက် မျှော်လင့်ချက်
အရာရာတိုင်းဟာ....
ကံကြမ္မာ အဆိပ်သင့်နေခဲ့ပြီလေ
မင်းဟာ ငါ့အတွက် ဗဒိုင်းပွင့်
အဆင်းမလှတဲ့ ဆင်မြီးလက်စွပ်ကို
ကြာတော့လည်း....
စွန့်ရက်ရဲပြီပေါ့
စွန့်ပစ်သွားသူ နှလုံးသားမှာတော့
ကြေနပ်မှုအတိ
ပျော်ရွှင်မှု အပြည့်နဲ့
အစွန့်ပစ်ခံလူသားမှာတော့
ကြေကွဲမှု အလွမ်းတေးတစ်ပုဒ်
ရင်ကွဲအောင် အော်ဟစ်
အသက်နဲ့ခန္ဓာ စွန့်ခွာရသည်အထိပေါ့။

နှင်းဆီရှိုက်သံ

ငါဟာ ပွင့်ခြင်းနဲ့ မပွင့်ခြင်းကြားမှာ
တွေဝေစွာ ရပ်နေဆဲ
ဆတ်ကနဲခူးဆွတ်မှုကို ခံခဲ့ရ
အငြိုးတကြီးနဲ့
ပြန်လည်ထိုးခဲ့တဲ့ ထိုးစစ်က
ငါကိုယ်တိုင် သွေးဆုတ်ဖြူရော်သွားတဲ့အထိ
ကမ္ဘာမြေကြီးရဲ့ အစွန်းတစ်ဖက်မှာ
ကျလုဆဲဆဲ ငါ့ခန္ဓာ
ခရေကို သတိရလိုက်မှ
အိုး.....နောင်တတွေနှောင်းခဲ့ပေါ့ ။
ကြွေကျနေတဲ့ မျက်ရည်ပွင့်ဖတ်တွေကြားထဲက
ဝတ်မှုံတစ်ခုရဲ့
နှင်းဆီရှိုက်သံရင်ကွဲတေး
ခပ်ဆွေးဆွေးလေးကို
ငါ့ကိုယ်ငါ ပြန်ကြားလိုက်ရတယ်

ငွေ

အိပ်မက်နိဒါန်း . . . . .
ဘာပဲဖြစ်ဖြစ် တကယ်တော့
ဟောဒီလောကကြီးမှာ
ဘဝရဲ့ တစ်စိတ်တစ်ပိုင်းကို
ငွေကြေးနဲ့ ပိုင်းဖြတ်သွားတာချည်းပါပဲ

ဇာတ်လမ်းအလယ် . . . . .
တစ်ခါတစ်ရံ
ရင်ဖွင့်ပေါင်းသင်း
အရင်းနှီးဆုံးဆိုတဲ့
သူငယ်ချင်း ချင်းတောင်မှ
ငွေဆိုတဲ့ စက္ကူပါးပါးလေးတွေက
အစိမ်းရောင်မုန်တိုင်းတွေကို
မွေဖွားဖန်တီးပေးတတ်ရဲ့

ရင်ကွဲတေးအဆုံး. . . . .
နှလုံးသားလည်း ပဲ့ကြွေနာကျည်း
အထီးကျန်
မူမမှန်ချင်တော့ဘူး
ငွေ ဆိုတာ
ရူးသွပ်သွားအောင်လည်း လုပ်တတ်တယ်. . . . .။

ရင်ဘတ်ထဲက အဖိတ်အစင်ဝါကျများ


ဘဝက
မွေးဖွားလာကတည်းက
ငိုကြွေးခြင်းနဲ့ စခဲ့တာဆိုတော့
တစ်ခါတစ်ခါ နေပူချင်ပူမယ်
မိုးရွာချင်ရွာမယ်
ငါ့ရဲ့ တခဏတာစိတ်လွတ်လပ်မှု
တစ်ဘဝစာ ထွက်ပေါက်ရှာမှု
အတ္တတစ်ခုကို ရှေ့တန်းတင်ပြီး
အပြီးစလွယ် ကံကြမ္မာတစ်ခုကို
ဖန်တီးရယူလိုမှု အတွက်နဲ့တော့
အမေ့ရဲ့ တစ်သက်စာအပြုံးကို
ငါ့ရဲ့နောက်ဆုံးအချိန်အထိ ဖန်တီးပေးဖို့
ရင်ဘတ်တစ်ခုလုံးနဲ့ ထွန်းညှိခဲ့မယ်

နှစ်ပေါင်း ၂၀ ကျော် ကျွေးမွေးပြုစုလာခဲ့တဲ့
ကျေးဇူးတရားတွေအတွက်
ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ
သင်ကြားခဲ့ရတဲ့ အတန်းပညာတွေက
အမှန်တရားကိုတောင်
ပြောခွင့်မရှိတော့ဘူးတဲ့လား
သည်းခံနိုင်စွမ်းဟာ
အရာရာကို အောင်နိုင်တယ်
ကိုယ့်ကိုကိုယ် ပြန်ဆုံးမပြီး
ဟန်ဆောင်ဘဝနဲ့ ကိုယ့်အဖြစ်က အုံ့ပျက်ပျက်
စိတ်ညစ်တိုင်း ကျခဲ့ရတဲ့မျက်ရည်စက်တွေက
လုံးဝကုန်ခမ်းသွားတော့မဲ့အထိ
အရောင်ဆိုးခံခဲ့ရတဲ့
ဖြူလွှလွှနှလုံးသားက
ငယ်မှတ်မှတ်သွားတာတော့
ငါလည်း မတတ်နိုင်ဘူး

နာကြည်းမှုတွေကိုမြိုသိပ်
ပိတ်နေတဲ့အခန်းတံခါးတွေပြန်ဖွင့်
မိန်းကလေးတစ်ယောက်နဲ့
လုံးဝ လုံးဝ မစပ်ဆိုင်တဲ့
အတွေးဆိုး အတွေးညစ်တွေကိုဖယ်ထုတ်
အဝေးကို ထွက်ပြေးချင်နေတဲ့
ခရီးဆောင်ကျောပိုးအိတ်ကလေးရေ
ခြေလှမ်းတွေကို ပြန်သိမ်းခေါက်လို့
ငါ့ရဲ့မိုက်ရူးရဲဆန်တတ်တဲ့
ဂျစ်ကန်ကန် စိတ်ဓါတ်တွေအတွက်
ရေချိုးသန့်စင်လိုက်ကြရအောင်.........