Saturday, July 12, 2008

ခွင့်ပြုပါ

သင်္ကြန်အတက်နေ့
တိုက်ဆိုင်လွန်းတယ်
မထင်မှတ်ဘဲ
ဖြတ်သန်းလာခဲ့ရတဲ့နေရာက
နင် ၄နှစ်တာကျင်လည်ခဲ့တယ်ဆိုတဲ့
အသိနဲ့တင်
ငါ့ ရင်တွေခုန်လာတယ်
တစ်ခါတွဲလျှောက်ခဲ့ဖူးတာက
တသက်စာဖြစ်သွားခဲ့ပြီလား
အာကြီး အသင်းကိုကြိုက်တတ်တဲ့ နင့်ကို
ဘော့လုံးပွဲကြည့်တိုင်း သတိရတယ်
Keyboard ပေါ်မှာလက်ချောင်းတွေတင်ပြီး
စကားလုံးတွေကို ပထမဆုံး ဖန်တီးတတ်ခဲ့စဉ်က
ငါ ရိုက်မိတဲ့စာလုံးတွေက
နင့် နာမည်သုံးလုံးဖြစ်နေခဲ့တာပါပဲ
Express ကားတစ်စင်းနဲ့ အမည်နဲ့တူတဲ့
နင့်နာမည်ကို ငါဘယ်တော့မှ
မေ့မရသေးဘူး
အညာမြေတစ်နေရာမှာ
နင်ရှိနေတယ်ဆိုတဲ့ အသိနဲ့တင်
ငါကျေနပ်နေပါပြီ
နင်ရေးပေးခဲ့ဖူးတဲ့
ကဗျာတွေထဲကလို
ကောင်မလေးကိုတွေ့ နေပြီလား
စံပါယ်ရနံ့တွေသင်းနေတဲ့
နင့်ကဗျာလေးတွေနဲ့
ခွဲခွါခဲ့ရတာလည်းကြာပြီ
အချိန်တွေကြာလာတာနဲ့အမျှ
ခံစားမှုတွေက ပြောင်းသွားမယ်လို့
နင်ထင်လား
အစားထိုးကြည့်တာတောင်မရတဲ့
ငါ့နှလုံးသားရဲ့  နက်ရှိုင်းမှုကို
၅ နှစ်တာ ပတ်သက်ခဲ့ဖူးတဲ့
သံယောဇဉ်နဲ့ တင်
နင်ပြန်လှည့်ကြည့်သင့်တယ်
ဖုန်းထဲကနေဂရုစိုက်ပြတတ်တဲ့
ငါ့ရဲ့  အိပ်မက်ကလေးရေ
နွေ မိုး ဆောင်း
ပြောင်းလဲပေမဲ့
အိပ်မက်တစ်ခုတည်းကိုပဲ
တစ်စိုက်မတ်မတ်မက်တတ်တဲ့
ငါ့ကို
နိုးထခွင့်ပြုပါတော့။

မှားယွင်းသွားသောသီအိုရီ

သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်မှုရှိတယ်တဲ့
နယူတန်ရဲ့  "နိယာမ"
မေတ္တာဆိုတာရောင်ပြန်ဟပ်တယ်တဲ့
ဗုဒ္ဓတရား
မင်းနဲ့တွေ့မှ
အားလုံးမှားပြီပေါ့
မျှော်လင့်ချက်တွေ ပေးပေးပြီး
ဝေးခဲ့ရတဲ့ အဖြစ်
ဘကြီးအောင်လို ညာရက်ခဲ့တယ်။

ရင်ဖွင့်ဖော်

မွန်းကြပ်လွန်းပြီ
ဒါဏ်ရာတွေကများလွန်းပြီ
ကံကြမ္မာရဲ့ ရိုက်ပုတ်မှုတွေက
လွန်လွန်းပြီ
လောကဓံတဲ့ 
သွေးစိမ်းရှင်ရှင်ကျအောင်
ငါ ခံစားခဲ့ဖူးပြီ
ပတ်ဝန်းကျင်မှာ
မျက်နှာငယ်နဲ့ နေခဲ့ရတဲ့ဘ၀က
အချိန်ကြာလွန်းပြီ
ဘယ်တော့မှလွတ်မြောက်မှာတဲ့လဲ
နေ့နေ့ညည
ဒုက္ခတွေက နှိပ်စက်နိုင်လွန်းတယ်
ရင်ဖွင့်ဖော်ရယ်.....
သွေးဆုတ်ဖြူရော်နေတဲ့
ငါ့ရဲ့ စိတ်ဝိညာဉ်တွေကို
ဘယ်လိုနွေးထွေးမှုမျိုးနဲ့
နှစ်သိမ့်စေမှာလဲ
အဝေးကနေ
တစ်ယောက်ကိုတစ်ယောက်က
နွေးထွေးစေကြမယ်လေတဲ့
ဒါပေမဲ့.........
မင်းမရှိတဲ့ မနက်ဖြန်တိုင်းအတွက်
ပစ္စုပ္ပန်ကိုချန်လှပ်ပြီး
အနာဂါတ်ကို......
ငါဘယ်လိုနှလုံးသားမျိုးနဲ့
ရပ်တည်ပြီး
မောင်းနှင်သွားနိုင်မှာတဲ့လဲ။